အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် English Language Proficiency Course No.(1/2025) သင်တန်းဆင်းပွဲကျင်းပ
- Fri, 9 January 2026
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က သင်တန်းဆင်းအမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဇန်နဝါရီ ၉
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် English Language Proficiency Course No.(1/2025) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ လေ့လာသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာ စကားပြောကြားရာ၌ ၂၀၂၆ ခုနှစ်တွင် အာဆီယံ_အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN_PAC) အကြီးအမှူး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရုံးအဖွဲ့လုပ်ငန်း တာဝန်နှင့် ဆက်ဆံရေးအရာရှိများ (Liaison Officers) အဖြစ် တာဝန်ထမ်းဆောင်မည့် ကော်မရှင်ရုံး ဝန်ထမ်းများ၏ အင်္ဂလိပ်စာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အင်္ဂလိပ်ဘာသာစကားသည် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် အလွန်အရေးပါသည့် ဘာသာစကားဖြစ်သည့်အတွက် အင်္ဂလိပ်စာကို လေ့လာသင်ယူခြင်းသည် ကိုယ်ပိုင်အရည်အချင်းမြှင့်တင်ခြင်း သာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ခြင်းကြောင့် စဉ်ဆက်မပြတ် လေ့လာသွားရန်လိုကြောင်း၊ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ဝန်ထမ်းကောင်းများအဖြစ် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီး ကော်မရှင်၏ ဂုဏ်သိက္ခာကို ဆက်လက်မြှင့်တင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ နည်းပြအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင် ဥက္ကဋ္ဌ က သင်တန်းတွင် ဆုရရှိသော သင်တန်းသား (၁) ဦး အား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး English Language Proficiency Course No.(1/2025) သင်တန်းဆင်းပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ နည်းပြဆရာမအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ဆုရရှိသည့် သင်တန်းသား တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ်ခြင်း

သင်တန်းသားတစ်ဦးက ကျပန်းစကားပြောပြိုင်ပွဲ ယှဉ်ပြိုင်ခြင်း

သင်တန်းသူတစ်ဦးက ကျပန်းစကားပြောပြိုင်ပွဲ ယှဉ်ပြိုင်ခြင်း



/1-80x80.jpg)


/01-80x80.jpg)




