ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၁၁) ကြိမ်မြောက် ညီလာခံသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မြန်မာကိုယ်စားလှယ် အဖွဲ့ပါဝင်တက်ရောက်

  • Sat, 20 December 2025

ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၁၁) ကြိမ်မြောက် ညီလာခံသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မြန်မာကိုယ်စားလှယ် အဖွဲ့ပါဝင်တက်ရောက်


နေပြည်တော်၊ ဒီဇင်ဘာ   ၂၀  ရက်

ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၁၁) ကြိမ်မြောက် ညီလာခံသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ ညီလာခံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်မှုအား ပြန်လည်သုံးသပ်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ဦးတည်ချက်များ ချမှတ်ရာတွင် အရေးပါသည့် အပြည်ပြည်ဆိုင်ရာ ညီလာခံ ဖြစ်သည်။

အဆိုပါ ညီလာခံတွင် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ စုပေါင်းကာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်မှု အခြေအနေများကို ပြန်လည်သုံးသပ်ခြင်း၊ အတွေ့အကြုံများနှင့် အကောင်းဆုံး လုပ်ထုံးလုပ်နည်းများကို အပြန်အလှန်ဖလှယ်ခြင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နည်းဗျူဟာများ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညီလာခံ၏ ဆွေးနွေးပွဲများ၌ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊ လက်ရှိဆောင်ရွက်နေသော မဟာဗျူဟာများနှင့် ရလဒ်များကို မျှဝေတင်ပြခဲ့သည်။ ထို့အပြင် နိုင်ငံတကာမှ တိုးတက်ပြောင်းလဲလာသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နည်းစနစ်များနှင့် အသိပညာများကို လေ့လာဆည်းပူးခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့၏ ယခုတက်ရောက်မှုသည် နိုင်ငံတော်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ပိုမိုခိုင်မာ အားကောင်းစေရန်အတွက် အခြားနိုင်ငံများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြလိုက်ပါသည်။



ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ




ဆက်စပ် သတင်းများ