အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

  • Wed, 10 December 2025

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအတွက် ပေးပို့သည့် Video Message အား ဖွင့်လှစ်ပြသခြင်း


နေပြည်တော် ဒီဇင်ဘာ ၉ ရက်

            အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး တက်ရောက် အမှာစကားပြောကြားသည်။

            အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗီဒီယို၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

            ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ပေးပို့သည့် Video Message ကို ပြသသည်။

            ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူအခြေပြု နည်းလမ်းများဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး တည်ဆောက်ရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အခြားအခြားသော အနှောင့်အယှက်၊ အဖျက်အမှောင့်၊ အခက်အခဲများနှင့်အတူ အဂတိလိုက်စားမှုသည်လည်း အဓိကအဟန့်အတားတစ်ခုဖြစ်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း

            အဂတိလိုက်စားမှုများသည် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဆက်နွှယ်ဖြစ်ပွားလျက်ရှိကြောင်း၊ အဂတိလိုက်စားမှုဆိုရာတွင် နိုင်ငံတော်ဘဏ္ဍာ၊ ငွေကြေးနှင့် ပစ္စည်းများကို အလွဲသုံးစားပြုမှုသာ မဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးခြင်းလည်း ပါဝင်ပါကြောင်း

            အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသူများအနေဖြင့် အဂတိကင်းစင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန်အတွက် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးသည် မရှိမဖြစ် လိုအပ်ချက်ဖြစ်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်မျှော်မှန်းချက်များ ချမှတ်ပြီး မဟာဗျူဟာစီမံချက်တွင် အစိတ်အပိုင်းတစ်ခုအနေဖြင့် ရေးဆွဲဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ခိုင်ခိုင်မာမာ ချမှတ်ထားရန်နှင့် အများပြည်သူတို့၏ မျှော်လင့်ချက်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရည်မှန်းချက်များကို နီးကပ်နိုင်သမျှ နီးကပ်မှုရှိစေရေး ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း။

            အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားဆိုင်ရာ အားနည်းချို့ယွင်းမှု၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းဖြစ်သည်ဆိုသည်ကို ငယ်စဉ်ကတည်းက သိမြင်နားလည်ပြီး အဂတိလိုက်စားမှု ပြုလုပ်ခြင်းသည် ရှက်ရွံ့စရာတစ်ခုဖြစ်ကြောင်း အသိတရားပြည့်ဝလာရန်အတွက် သွန်သင်ဆုံးမမှု၊ အသိပညာပေးမှုများ လိုအပ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကစပြီး လူငယ်လူရွယ်များကို အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းမှုအဖြစ် သိမြင်နားလည်ပြီး ထိန်းသိမ်းရှောင်ကျဉ်နေထိုင်ကြစေရန် အသိပညာပေးမှုများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း

            လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားစဉ်အချိန်တွင် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာတတ်သည့် အလေ့အထကောင်းများ ဖြစ်လာစေရန် လေ့ကျ့်ပျိုးထောင်ပေးခြင်း၊ ကျောင်းသင်အတတ် ပညာများသာမက စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး အသိပညာမြင့်မားရေး၊ တိုင်းချစ် ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်မြင့်မားရေးတို့ကို စနစ်တကျလေ့ကျင့် သင်ကြားပေးခြင်း စသည်ဖြင့် စည်းကမ်းရှိသည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များတွင် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ ပညာပေးအစီအစဉ်များ၊ လူငယ်စကားဝိုင်းများကို ကော်မရှင်အနေဖြင့် အင်တိုက်အားတိုက် ကျင်းပပြုလုပ်နေသည်ကို တွေ့ရပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း

            ကော်မရှင်အနေဖြင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ ပညာပေးအစီအစဉ်များ သာမက အစိုးရဌာနများတွင် အသေးစား အဂတိလိုက်စားမှုများ လျော့ပါးပျောက်ကွယ်စေရန်နှင့် ဌာနဆိုင်ရာဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ချက်များနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များ ဖွဲ့စည်းထားကြောင်း၊ ထို့ပြင် ပြည်သူများကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အကြံဉာဏ်များရယူသည့် ပြည်သူ့ထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (PFP) ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရကြောင်း

            ထိုသို့ ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုများသည် ဖြောင့်မတ်တည်ကြည်မှုနှင့် တရားမျှတမှုတို့ လွှမ်းခြုံနေသည့် အနာဂတ်ကို တည်ဆောက်ရာတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုသည့်အတွက် လူသားတိုင်းခံစားရရှိနိုင်မည့် အခွင့်အရေးများကို လက်လှမ်းမီစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းသည့် လူနေမှုဘဝကို ပိုင်ဆိုင်စေနိုင်မည်ဖြစ်ကြောင်း

            ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင်ပါရှိသည့် ရည်မှန်းချက်ပန်းတိုင် (၁၇)ခုထဲက ပန်းတိုင် (၁၆) ကိုအခြေခံပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း MSDP မဟာဗျူဟာ ၁-၄ တွင် “ကောင်းမွန်သော အုပ်ချုပ်မှု၊ တာဝန်ယူမှုတာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု မြင့်တင်ရေး” ကို ရေးဆွဲထားကြောင်း၊ ထိုသို့ရေးဆွဲချမှတ်ထားသည့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို ပိုမိုခိုင်မာအားကောင်းစေပြီး အဂတိလိုက်စားမှုကင်းစင်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ရေရှည်တည်တံ့သည့် ဖွံဖြိုးတိုးတက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း။

            အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တစ်ဦးတစ်ယောက်ကစပြီး ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်နှင့် အဂတိလိုက်စားမှုကို လက်မခံသော ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးဖော်ဆောင်နိုင်စေရေး ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပွင့်လင်းမြင်သာပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားတွင် အရေးပါသည့် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများသာမက ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးက အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

            ယင်းနောက် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးက အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်တံဆိပ်အား ဂါရဝပြုပေးအပ်သည်။

            ဆက်လက်၍ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ "**အသိပညာပေး ဗီဒီယိုပြိုင်ပွဲ"**တွင် အသက်အုပ်စုအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

            ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ "အသိပညာပေး ပိုစတာပြိုင်ပွဲ"တွင် အသက်အုပ်စုအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း၊ ကော်မရှင်ဥက္ကဋ္ဌ က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ "အသိပညာပေး ပန်းချီပြိုင်ပွဲ"တွင် အသက်အုပ်စုအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

            ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗီဒီယိုပြိုင်ပွဲတွင် အသက်အုပ်စုအလိုက် ပထမဆုရရှိခဲ့သည့် ဗီဒီယိုများကို ပြသပြီး ကော်မရှင်ဥက္ကဋ္ဌ က ကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

            ထို့နောက် အမှုဆောင်ချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တစ်နှစ်တာဆောင်ရွက်မှု Video Clip ကို ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ဖြောင့်မတ်တည်ကြည်မှု၊ စုံစမ်းစစ်ဆေးခြင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် စာအုပ်များကို လှည့်လည်ကြည့်ရှုကြသည်။

            ယခုနှစ် (၂၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ကို “ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကို ဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်၊ လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့” (Uniting with Youth against Corruption: Shaping Tomorrow’s Integrity) ဦးတည်ချက်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနား မှတ်တမ်းဓာတ်ပုံမျာ


အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက အမှာစကားပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အား ကော်မရှင်အထိမ်းအမှတ်တံဆိပ် ပေးအပ်ခြင်း


အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး က "အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့" ခေါင်းစဉ်ဖြင့် ဗီဒီယိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုချီးမြှင့်ခြင်း



ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက "အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့" ခေါင်းစဉ်ဖြင့် ပိုစတာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုချီးမြှင့်ခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က "အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့" ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုချီးမြှင့်ခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခြင်း



အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း



အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ပြခန်းအတွင်း လှည့်လည်ကြည့်ရှုခြင်း



တက်ရောက်လာသည့် ဧည့်သည်တော်များအား အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခြင်း

ဆက်စပ် သတင်းများ