စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပ

  • Thu, 23 October 2025

စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပ


အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အဖွင့်အမှာစကားပြောကြားခြင်း



နေပြည်တော်၊ အောက်တိုဘာ (၂၃)


စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ၊ စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။ ထို့ပြင် စက်မှုဝန်ကြီးဌာနရှိ စက်ရုံမှူးများ၊ စိုက်ကွင်းစိုက်ခြံ တာဝန်ခံများ၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများသည် Virtual စနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက်ရောက်သည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားများကို ကျင်းပခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သော ကိစ္စရပ်များ၊ နိုင်ငံတော် နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်နိုင်သော ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် တားဆီးကာကွယ်ရေးကဏ္ဍမှ အသိပညာပေးရေးလုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာဆောင်ရွက်နေသည်ကို သိရှိရကြောင်း၊ စီးပွားရေးတန်ဖိုးမြင့်မားစေရေး၊ လူ့ဘောင်အဖွဲ့အစည်းအား ကောင်းမွန်စွာတည်ရှိစေရေး၊ လူမှုအသိုင်းအဝိုင်းအကြား ယုံကြည်မှုတည်ဆောက်ရေးတို့အတွက် အဂတိကင်းရှင်းရေးသည် အရေးပါပြီး လိုအပ်ကြောင်း၊ စက်မှုကဏ္ဍရှိ အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသူများသည် “မိမိလုပ်ရပ်အပေါ် တာဝန်ယူနိုင်သူမှသာ ယုံကြည်မှုတည်မြဲနိုင်သည်” ဆိုသည့်စကားအတိုင်း တာဝန်ခံမှုရှိသူ၊ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေအပေါ် အခြေခံသည့်စနစ်ကို ခိုင်မာအောင် တည်ဆောက်၍ “မည်သူမဆို ဥပဒေအောက်တွင် တူညီသည့် တာဝန်ရှိသည်” ဟု ခံယူသူ၊ “တစ်ဦးချင်း မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုလုံးအနေဖြင့် အဂတိကင်းရှင်းမှုကို သဘောတူအောင်လုပ်ရမည်” ဆိုသည့်အတိုင်း မှန်ကန်သည့်အရာကို လုပ်ဆောင်သူများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တိုင်းတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အပြည့်အဝရှိစေရန် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဝန်ထမ်းများ အားလုံးအတွက် အသိပညာပေးသင်တန်းများ၊ သတင်းပေးတိုင်ကြားနိုင်သည့် စနစ်များနှင့် ကျင့်ဝတ်ဆိုင်ရာ သတိပေးကော်မတီများဖြင့် အားဖြည့်ပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း၊ သမာဓိတည်ကြည်ခြင်း၊ မှန်ကန်ဖြောင့်မတ်ခြင်း၊ မည်သည့် မသမာမှုအပေါ်တွင်မှ မပြောင်းလဲသော ခိုင်မာသည့်စိတ်ဓာတ်ရှိခြင်းသည် ဝန်ထမ်းတစ်ဦး၊ အဖွဲ့အစည်းတစ်ခုအတွက် အကြီးဆုံးတန်ဖိုးထားမှု တစ်ခုပင်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အလုပ်တွင် ကောင်းသောအကျင့်ရှိသူ၊ ကိုယ်ပြောတာနဲ့လုပ်တာ တူညီသူ၊ သမာဓိရှိပြီး မှန်ကန်မှုကို လိုက်နာသူ၊ အကြောင်းအရာ မှန်မှန်ကန်ကန်ပြောတတ်သူ၊ လိမ်လည်ခြင်းမရှိသူ၊ မည်သည့်အခါမဆို မတရားမှုကို လက်မခံသူ၊ ကိုယ်သိတာမှန်တာ ပြောတတ်သူ၊ အဖွဲ့အစည်းအပေါ် ယုံကြည်မှုတည်ဆောက်သူ စသည့်တို့နှင့် ကိုက်ညီမှုရှိအောင် ပြုမှုရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း များသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအရ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန်(၆)ချက်၊ ထမ်းဆောင်ရမည့် တာဝန် (၃)ရပ်၊ တစ်ဦးချင်းလိုက်နာရမည့် ကျင့်ဝတ် (၁၂)ပါး၊ ဝန်ထမ်း အချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၅)ပါး၊ နိုင်ငံတော်အပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၈)ပါး၊ စုစုပေါင်း ကျင့်ဝတ်အပါး (၃၀)ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဂတိကင်းရှင်းသော စက်မှုအသိုက်အဝန်းဖြစ်စေရေး ယနေ့မှပင် စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စည်းကမ်းသိရှိမှု၊ ဥပဒေကျင့်သုံးမှုနှင့် တာဝန်ယူမှုကို အမြဲရှိအောင် သတိပြုရန်၊ မည်သည့်အဆင့်အရာရှိဖြစ်စေ မတရားအကျင့်အပေါ်တွင် သီးသန့်တုံ့ပြန်နိုင်ရန်၊ လုပ်ငန်းတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုကို အခြေခံ အုတ်မြစ်အဖြစ် ထားရှိဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိတ်ပညာအမြင်အရ အဂတိတရားသည် လောဘ၊ ကြောက်ရွံ့ခြင်းနှင့် ကိုယ်ကျင့်တရား ကင်းမဲ့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် အမူအကျင့်ပျက်ယွင်းမှုတစ်ရပ်ဖြစ်ကြောင်း၊ ဥပဒေအမြင်အရ အဂတိတရားသည် အာဏာကို မတရားအသုံးပြု၍ ကိုယ်တိုင် သို့မဟုတ် အခြားသူအတွက် အကျိုးတစ်စုံတစ်ရာ ရရှိရန် လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် စိတ်အခြေအနေအရ လောဘနှင့် စတင်ပြီး ဥပဒေအရ ပြစ်မှုအဖြစ်သတ်မှတ်ကြောင်း၊ အဂတိလိုက်စားမှုတစ်ခုသည် တစ်ဦးချင်းတစ်ယောက်၏ အပြုအမူမှ စတင်သော်လည်း အဖွဲ့အစည်းတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ဖျက်ဆီးနိုင်သဖြင့် စက်မှုကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများသည် ကိုယ်ကျင့်တရား၊ တာဝန်ခံမှု၊ သန့်ရှင်းမှုရှိရေးတို့ကို အမြဲလိုက်နာရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနတွင် ကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်လာကြသော အရာထမ်းကြီးများအနေဖြင့်လည်း ယခုအခမ်းအနားမှရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အဂတိလိုက်စားမှုသည် ဝန်ထမ်းနယ်ပယ်သာမက လုပ်ပိုင်ခွင့်ရှိသည့်၊ အခွင့်အလမ်းရှိသည့် မည်သည့်နေရာမှာမဆို ဖြစ်နိုင်ခြေရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် ရာထူး/ လုပ်ပိုင်ခွင့်အရ အများပြည်သူ အကျိုးရှေ့ရှုဆောင်ရွက်ရန်အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချခြင်းဖြစ်ပါကြောင်း၊ အကျိုးစီးပွားတွက်ချက်ပြီး ကျူးလွန်သည့်ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေး အတွက် အကာအကွယ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးက အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ကျင့်ဝတ်လိုက်နာခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက် များနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် အရာထမ်းကြီးများမှ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။



စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့  ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက ကျင့်ဝတ်လိုက်နာခြင်းဖြင့် အဂတိလိုက်စားမှုုတိုက်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးမျိုးလွင်ဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း



သိရှိလိုသည့်မေးခွန်းများနှင့်စပ်လျဉ်း၍  ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က ပြန်လည်ဖြေကြားခြင်း



ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီက ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ