သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်

  • Tue, 14 October 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်


အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ အောက်တိုဘာ ၁၄


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပေးခြင်းဖြင့် ကော်မရှင်က ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန်နှင့် ညွှန်ကြားချက်များ၊ အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးများ၊ တားဆီးကာကွယ်ရမည့် နည်းလမ်းများကို သိရှိလာမှာဖြစ်၍ ကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဂတိဖြစ်နိုင်သည့်နေရာများကို စိစစ်ဖော်ထုတ်ခြင်း၊ မဖြစ်အောင်တားဆီး ကာကွယ်ခြင်းနှင့် ဖြစ်ပေါ်လာသည့် ပြဿနားများကို ဖြေရှင်းဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) ကို ဖွဲ့စည်းကာ အဂတိလိုက်စားမှုလျော့နည်းပပျောက်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုများဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်စေသကဲ့သို့ လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများပျက်စီးပြီး တရားမျှတတဲ့ ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာမှာ ဖြစ်ပါကြောင်း၊ ဒါ့အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူများအကြား ဆင်းရဲချမ်းသာကွာဟမှုများ ဖြစ်ပေါ်စေခြင်း၊ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံရဲ့အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းတစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှာ ပုံစံအမျိုးမျိုးနှင့်ဖြစ်ပွားနိုင်ပြီး ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်း၌လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းရှင်းပြီး စည်းမျဉ်းစည်းကမ်းများ၊ လူမှုကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်” ဆိုသည့်စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်လာသည့်အခါ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ကြရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနှင့်လည်း အသိပညာပေးလုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင်စုံမှ ကျယ်ပြန့်စွာ ဆောင်ရွက်ပေးလျက်ရှိသဖြင့် ဝန်ထမ်းများ ပိုမိုသိမြင်လိုက်နာဆောင်ရွက်နိုင်ကြမည်ဖြစ်ပြီး မိမိတို့ပတ်ဝန်းကျင်၊ အဖွဲ့အစည်းများသို့ အသိပညာများပြန်လည်မျှဝေပေးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ဖြင့် အဂတိကင်းရှင်းသော လူမှုအသိုက်အဝန်းကို တည်ဆောက်ကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားတိုးတက်ဖွံဖြိုးအောင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးက အဂတိလိုက်စားမှုသည် တန်ဖိုးထားမှုများ လွဲမှားခြင်း၊ အကျိုးစီးပွားပဋိပက္ခများ ပြင်းထန်ခြင်း၊ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်ခြင်းတို့ကြောင့် ဖြစ်ပေါ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို ပျက်စီးယိုယွင်းစေသည့်အပြင် စီးပွားရေးကဏ္ဍတွင်လည်း မျှတသည့်ယှဉ်ပြိုင်မှုကို ပျက်စီးစေနိုင်ကြောင်း၊ နိုင်ငံအတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို နှောင့်နှေးစေပြီး အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းများနည်းပါးကာ ဆင်းရဲမှုသံသရာကို ဖြစ်စေနိုင်ကြောင်း၊ အကျိုးဆက်အားဖြင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ၌ လူ့စွမ်းအားအရင်းအမြစ်များ၏ ကိုယ်ရည်ကိုယ်သွေးများကျဆင်းပြီး ဝန်ဆောင်မှုအရည်အသွေးလည်း ကျဆင်းလာစေမှာဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေများ နစ်နာဆုံးရှုံးပြီး အခြေခံလူတန်းစားများကို ပိုမိုထိခိုက် နစ်နာစေကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ ဆင်းရဲနွမ်းပါးမှုကို ပိုမိုနက်ရှိုင်းစေပြီး အစိုးရနှင့်ပြည်သူအကြား ယုံကြည်မှုကို ကျဆင်းနိုင်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးက အားလုံးပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

၎င်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ”နှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသော ဝန်ထမ်းများ၏ သိရှိလိုသည်များ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး ခေါင်းဆောင်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။



သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့  ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အခမ်းအနားသို့ တက်ရောက်လာသည့် အမြဲတမ်းအတွင်းဝန်က သိရှိလိုသည်များ မေးမြန်းခြင်း



သိရှိလိုသည့်မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက ပြန်လည်ဖြေကြားခြင်း



ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ