မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
- Thu, 25 September 2025
အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားခြင်း
ရန်ကုန်၊ စက်တင်ဘာ ၂၅
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် CPU အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း( ၈၃ ) ဦး တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် က အဖွင့်အမှာစကားပြောကြားရာ၌ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အုပ်ချုပ်ရေးကဏ္ဍအသီးသီး၌ ပုံစံအမျိုးမျိုးနှင့် အဂတိလိုက်စားမှုဖြစ်စဉ်များ ဖြစ်ပေါ်နေသည်ကို ကြားသိနေကြရကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံတော်တည်ဆောက်မှုကဏ္ဍများတွင် များစွာထိခိုက်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်စေပြီး နိုင်ငံသားတို့၏ အခွင့်အရေးများကို လည်းထိခိုက်နစ်နာစေပါကြောင်း၊ အဂတိလိုက်စားမှု၏ ဆိုးရွားသောအကျိုးဆက်များကြောင့် ကမ္ဘာနှင့်အဝန်းတိုက်ဖျက်ကြရန် ကုလသမဂ္ဂကွန်ဗန်းရှင်းတစ်ရပ်ကို ၂၀၀၃ ခုနှစ်တွင် ချမှတ်ထားသကဲသို့ မိမိတို့နိုင်ငံတော်နေနဲ့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းကာ ပိုမိုထိရောက်စွာ တားဆီးနှိမ်နင်းခြင်း၊ ပညာပေးခြင်းများဆောင်ရွက်နေသည်ကိုတွေ့ရှိကြရပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများသည် ကော်မရှင်ဝန်ထမ်းများအား အဂတိတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်များကိုရရှိခြင်း၊ အဂတိကင်းသောလူ့အဖွဲ့အစည်း ဖြစ်ပေါ်စေရေးအတွက် လူ့အခွင့်အရေးအခြေခံဖြင့် ပေါင်းစပ်ဖော်ဆောင်ပေးနိုင်ကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ၌ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းဖြင့် အများပြည်သူဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ် နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှ စ၍ ကဏ္ဍအသီးသီးမှပုဂ္ဂိုလ်များ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်ပါကြောင်း၊ အဂတိလိုက်စားမှုကိုလက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်း ဖန်တီးဖော်ဆောင်နိုင်စေရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပွင့်လင်းမြင်သာပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိရောက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များဖြစ်ရန် ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးက အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းသည် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း
သိရှိလိုသည့်မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က ပြန်လည်ဖြေကြားခြင်း
ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း
အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း