အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်လှစ်ခြင်းကျင်းပ
- Mon, 22 September 2025
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်း(အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၅) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌဦးလွင်ဦးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးလွင်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌ ဝန်ထမ်းများ၏ အရည်အသွေး မြင့်မားလာစေရန်၊ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများ ကျွမ်းကျင်တတ်မြောက်စေရန်၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျင့်သုံးရသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိနားလည်စေရန်နှင့် ဥပဒေရေးရာ လုပ်ငန်းများ၊ တရားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကျွမ်းကျင်ပိုင်နိုင်စေရန်၊ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ၊ မှတ်တမ်းများအား စနစ်တကျ ထိန်းသိမ်းတတ်စေရန်၊ အမှုကိစ္စများ ဆောင်ရွက်ရာ၌ ကော်မရှင်ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်တတ်စေရန် စုံစမ်းရေးမှူးများ၏ အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီစေရန် ရည်ရွယ်ပါကြောင်း၊ လက်တွေ့နယ်ပယ်၌ အမှန်တကယ် အသုံးချလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထူးချွန်ထက်မြက်သည့် စစ်ဆေးရေးမှူးကောင်းများ ဖြစ်ထွန်းလာစေရေးအတွက် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်လိုသည့် စိတ်ဓာတ်ရှိရန်လည်း လိုအပ်ပါကြောင်း၊ လေ့လာမှု အားကောင်းမှသာ တွေးခေါ်ကြံဆမှုများ ကောင်းမွန်မှာ ဖြစ်သည့်အတွက် မိမိတို့တစ်ဦးချင်း ဘဝတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာအားထုတ် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းဆောင်မှုများ ကောင်းမွန်ပါက စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အရည်အသွေးမြင့်မားလာကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စွမ်းဆောင်ရည်နှင့် ပုံရိပ်သည်လည်း တိုးတက်ကောင်းမွန်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းကို စက်တင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ ရက်သတ္တပတ် (၁၂) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး
စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်း(အမှုထမ်း) အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခြင်း
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း