ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
- Thu, 18 September 2025
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က အဖွင့်အမှာစကားပြောကြာခြင်း
နေပြည်တော်၊ စက်တင်ဘာ ၁၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း (၁၈၃) ဦး တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် လူပုဂ္ဂိုလ်တစ်ဦး၊ ဌာနအဖွဲ့အစည်းတစ်ခုနှင့် နိုင်ငံတော်အတွက် မလိုလားအပ်သည့် အပြုအမူတစ်ရပ်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တ ပျက်စီးလာနိုင်ပြီး မျှတမှုရှိသော ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရေကိုယ်သွေးကျဆင်းလာပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေနိုင်ပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုများကိုလည်း အရည်အသွေးညံ့စေပြီး ပြည်သူများအကြား ဆင်းရဲချမ်းသာ ကွာဟစေနိုင်မှုကို ဖြစ်ပေါ်စေသည့်အပြင် အစိုးရနှင့် ပြည်သူလူထုအကြား ယုံကြည်မှု လျော့ကျစေနိုင်ပြီး နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှုတစ်ခုလုံးကိုပါ သက်ရောက်စေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းသည် ကောင်းမွန် သော အုပ်ချုပ်မှုစနစ် (Good Governance) ၏ အစိတ်အပိုင်း တစ်ရပ်ပင်ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းသော နိုင်ငံ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်မှသာလျှင် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို ဦးတည်ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်” ဆိုသော စကားရပ်နှင့်အညီ အဂတိလိုက်စားမှုများပေါ်ပေါက်မှ စုံစမ်းစစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်ခြင်းထက် အဂတိလိုက်စားမှုများမဖြစ်အောင် ကြိုတင်တားဆီး ကာကွယ်ရန်လိုအပ်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ် ကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ အရာထမ်း/အမှုထမ်းများ အနေဖြင့်လည်း ယနေ့ အခမ်းအနားမှ ရရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်ပူးပေါင်း ပါဝင်ကြစေလိုပါကြောင်း တိုက်တွန်း ပြောကြား ခဲ့ပါသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားရာတွင် အဂတိ လိုက်စားမှုသည် အများပြည်သူ အကျိုးစီးပွား ရှေ့ရှုဆောင်ရွက်ရန် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချလိုက်ခြင်းဖြစ်ကြောင်း၊ အကျိုးစီးပွားတွက်ချက်၍ ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် ဆက်စပ်နေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ်မှတ်ယူ၍ နိုင်ငံတိုင်းက အလေးထားဖြေရှင်းနေကြရကြောင်း၊ အဂတိလိုက်စားမှုကြောင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို ပျက်စီးယိုယွင်းစေသည့်အပြင် စီးပွားရေးကဏ္ဍတွင်လည်း မျှတသည့်ယှဉ်ပြိုင်မှုကို ပျက်စီးစေသည့်အတွက် နိုင်ငံအတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို နှောင့်နှေးစေပြီး အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းများ နည်းပါးကာ ဆင်းရဲမှုသံသရာကို ဖြစ်စေနိုင်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လက်အောက်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ထပ်ဆင့် မျှဝေပေးရန်နှင့် လူငယ်များအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်းများ သင်ကြားပြသပေးရန် ပန်ကြားလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါ သည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း ခေါင်းဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) ဝင်များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အခမ်းအနားသို့ တက်ရောက်လာသည့် အရာထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း
သိရှိလိုသည့်မေးခွန်းများနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က ပြန်လည်ဖြေကြားခြင်း
ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း
အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း