အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ
- Fri, 5 September 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်း က မူလတန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်
နေပြည်တော်၊ စက်တင်ဘာလ ၅ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်များမှ စတင်၍ အသိပညာပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၌ ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ အ-ထ-က (၇) ကျောင်းတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၁၀) ဦးတို့ကို ကော်မရှင်ရုံးမှ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်(ဆရာကိုင်)စာအုပ်များမှသင်ခန်းစာပါအကြောင်းအရာများကိုအခြေခံ၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့် ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ အခြေခံပညာကျောင်း (၄၁) ကျောင်း၌ Edutainment အစီအစဉ်များ ဆောင်ရွက်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ အ-ထ-က (၇) တွင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်ဆောင်ရွက်ခြင်း အခမ်းအနား
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဦးထက်ဝင်း က အလယ်တန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်