ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပပြုလုပ်
- Thu, 21 August 2025
အခမ်းအနားတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဩဂုတ် ၂၁ ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန CPU အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများနှင့် ဝန်ထမ်းများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြပါသည်။
ပထမဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာ၌ ဝန်ကြီးဌာနသို့ လာရောက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဂတိလိုက်စားမှုမှာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားဖြစ်စေပါကြောင်း၊ နိုင်ငံတကာတွင်လည်း အဂတိလိုက်စားမှုကြောင့် မမျှော်မှန်းနိုင်သော ပြဿနာရပ်များကို ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် အကျင့်စာရိတ္တ ပျက်စီးရုံသာမက ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်ရည်များပါ ကျဆင်းလာစေနိုင်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိတရား(၄)ပါး ကင်းရှင်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ရုံးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အဂတိတရားကင်းစွာဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၌ ဌာနတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဖြစ်သည့်အတွက် ဝန်ထမ်းများ အဂတိတရား ကင်းရှင်းအောင် အသိပညာ ပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှရသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ အသိပညာများကို မိမိတို့ မိသားစု၊ မိမိပတ်ဝန်းကျင်ရှိ ပြည်သူများကို မျှဝေသွားခြင်းဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူပေါင်းပါဝင်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးက အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်နိုင်စေရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစ၍ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်လာစေရန်၊ အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်း ဖန်တီးဖော်ဆောင်နိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိက အဟန့်အတားတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေသည့်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ဆိုးကျိုးသက်ရောက်နိုင်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂.၆ ထရီလီယံ၊ ကမ္ဘာ့ GDP ၏ ၅ ရာခိုင်နှုန်းခန့် ဆုံးရှုံးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်ရန် အရေးကြီးကြောင်း၊ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှု ခိုင်မာမှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ တက်ညီလက်ညီနှင့် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ "အဂတိပယ်ခွာ ပြည်သာယာ" ဆောင်ပုဒ်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း ခေါင်းဆောင်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း
/003.jpg)
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ e-Government ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမျိုးသက်ပိုင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
/004.jpg)
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
/005.jpg)
အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း
/006.jpg)
သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က ပြန်လည်ဖြေကြားခြင်း
/007.jpg)
ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း
/008.jpg)
အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း