သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ
- Fri, 15 August 2025
အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဩဂုတ် ၁၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးတိုးရီနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယနေ့အခမ်းအနားမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသော အသိအမြင် ဗဟုသုတများကို လေ့လာမှတ်သားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အားလုံးတက်ကြွစွာ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်နှင့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မားတိုးတက်လာစေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဦးစွာတည်ဆောက်ရမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရသူများဖြစ်၍ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပါသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ ခေါင်းဆောင်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု
တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း
/2.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်သော်နိုင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးရဲထက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
/4.jpg)
အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း
သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က ပြန်လည်ဖြေကြားခြင်း
ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ
ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း