ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်သည့်သတင်း
- Fri, 8 August 2025
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော် ၊ ဩဂုတ်လ ( ၈ ) ရက်
ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ(၈) ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၁)စုဝေးခန်းမ၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ဒုတိယဝန်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနကြီးမှူးများ ၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း ၊ အမှုထမ်းများ တက်ရောက်ကြပါသည်။
ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကအဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားပြုလုပ်ရခြင်းမှာဝန်ကြီးဌာနနှင့်ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုဖြစ်စေနိုင်သည့် ကိစ္စရပ်များ ၊ နစ်နာဆုံးရှုံးမှုများနှင့် ဆိုးကျိုးများ ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်သဘောပေါက်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်နိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊
ယခုလို အစိုးရဌာန၊ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် စိတ်စေတနာ ထက်သန်စွာနှင့် လိုက်လံပြုလုပ်ပေးနေသည်ကိုလည်း ကြိုဆိုအသိအမှတ်ပြုပါကြောင်း၊
အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်း ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း ၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့ကိုပါ ယိုယွင်းပျက်စီးစေနိုင်သည့်အပြင် ပြည်သူလူထု၏ ယုံကြည်အားကိုးမှုလျော့ကျခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဟု ဆိုရိုးစကားနှင့်အညီ အဂတိလိုက်စားမှုများမဖြစ်မီကတည်းကပင် ကြိုတင်တားဆီးကာကွယ်ထားရမည်ဖြစ်ပါကြောင်း။
အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပေါ်နိုင်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရှောင်ကြဉ်ရန် အထူးလိုအပ်ပါကြောင်း ၊ ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) ကို ဖွဲ့စည်း၍ အဂတိလိုက်စားမှု လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်လျှက်ရှိပြီး ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် အရာထမ်း ၊ အမှုထမ်းများကလည်း မိမိတို့မှ တစ်ဆင့် မိမိပတ်ဝန်းကျင် ၊ မိမိအဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေးခြင်းဖြင့် အဂတိကင်းသော လူမှုပတ်ဝန်းကျင်ကို တည်ဆောက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးလွင်ဦးက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတစ်ဝန်းပျံ့နှံ့နေသော အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူ လက်တွဲ၍ တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ဘဝများ သာယာဝပြောလာစေမည်ဖြစ်ကြောင်း ၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဦးစွာတည်ဆောက်ရမည်ဖြစ်ကြောင်း ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သော အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးကဏ္ဍ၌ ဂုဏ်သိက္ခာနှင့်တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို သက်ဆိုင်ရာဌာန ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများသည် အစိုးရက ချမှတ်ထားသည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဝန်ဆောင်မှုပေးရခြင်းဖြစ်သည့်အတွက် မိမိအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားပါသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ကော်မရှင်မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား၍ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
အခမ်းအနားအပြီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ခေါင်းဆောင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU ) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ ၊ အားသာချက်၊ အားနည်းချက်များ ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဘုန်းမြင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း
သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က ပြန်လည်ဖြေကြားခြင်း
ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း
အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း