အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ
- Wed, 16 July 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး (နေပြည်တော်)မှ လ/ထညွှန်ကြားရေးမှူး က အလယ်တန်းအဆင့်ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်
နေပြည်တော်၊ ဇူလိုင် ၁၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကိုတွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့်ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်များမှစ၍ အသိပညာပေးဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့် ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ အခြေခံပညာကျောင်း ( ၉ ) ကျောင်း၌ Edutainment အစီအစဉ်များ စတင်ဆောင်ရွက်ခဲ့ပြီး ကော်မရှင်မှထုတ်ဝေသည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် ( ဆရာကိုင် ) စာအုပ်များတွင် ပြဋ္ဌာန်းထားသည့် သင်ခန်းစာပါ အကြောင်းအရာများကို ရည်ညွှန်းကိုးကား၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး (နေပြည်တော်)မှ ဦးစီးအရာရှိ က မူလတန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်