အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်း ဖွင့်ပွဲကျင်းပ
- Fri, 11 July 2025
ကော်မရှင်ဥက္ကဌ ဦးစစ်အေးက “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဇူလိုင် ၁၁ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကော်မရှင်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ကော်မရှင်ရုံးတွင် နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများ၏ ရင်သွေးငယ်များအား မိဘများမှ ရင်အုပ်မကွာ ပြုစုစောင့်ရှောက်မှုပေးနိုင်ပြီး စိတ်ချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်သည့် လုပ်ငန်းခွင်ကို ဖန်တီးပေးရန် ရည်ရွယ်ပါကြောင်း၊ မွေးစမှ ရှစ်နှစ်အရွယ် ကလေးငယ်များသည် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံကျ၍ အနာဂတ်နိုင်ငံတော်အတွက် အလွန်အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်သူများဖြစ်သည့်အတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်အတွက် ထိရောက်ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းကြောင့် ကော်မရှင်ရုံးတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ သား/သမီး ရင်သွေးရတနာများကို ပြုစုပျိူးထောင်ပေးခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို ဖော်ဆောင်မည့် အခြေခံအုတ်မြစ်ကောင်းတစ်ခု ဖြစ်ပါကြောင်း၊ “ရှေးဦးအရွယ် ကလေးသူငယ်များကို ကာယ၊ ဥာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှား ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပြုစုပျိုးထောင်ပေးရန် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိဘများအနေဖြင့်လည်း တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကလေးငယ်များကို အနီးကပ် ထိန်းကျောင်းပေးသည့် ဆရာမများကလည်း စေတနာအပြည့်ဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် သင်ထောက်ကူပစ္စည်းများအပြင် နည်းပြဆရာ၊ ဆရာမများကိုပါ ပံ့ပိုးကူညီပေးသည့် ပြည်ထောင်စုဝန်ကြီးနှင့်တကွ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမှာစကားပြောကြားရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင်ရှိသည့် ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို Focal Ministry အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ကလေးများအားလုံး လက်လှမ်းမီရရှိစေရန် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သည့် မူလတန်းကြိုကျောင်းနှင့် နေ့ကလေးထိန်းကျောင်းများသာမက ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကိုလည်း တည်ထောင်ခွင့်ပြုမိန့်များ ထုတ်ပေးပြီး နည်းပညာ၊ သင်ထောက်ကူပစ္စည်း များနှင့် ဆရာမလစာများကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များအား ပြုစုစောင့်ရှောက်သူများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့်အတွက် မူကြိုဆရာမများသည် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနည်းစနစ်များကို စနစ်တကျ သင်ယူတတ်မြောက်ထားကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနကို ဖွင့်လှစ်ထားပြီး မွေးစမှ အသက် ၃ နှစ်အထိ ကလေးသူငယ်များ ပြုစုပျိုးထောင်ခြင်း သင်တန်းနှင့် အသက် ၃ နှစ်မှ ၅ နှစ်အထိ မူလတန်းကြိုဆရာမ သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့က နေ့ကလေးထိန်းကျောင်း အတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ၊ ကစားစရာအရုပ်၊ မုန့်များနှင့် ကော်မရှင်အမှတ်တံဆိပ်ပါ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နေ့ကလေးထိန်းကျောင်းအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်း ဖွင့်ပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမှာစကားပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးအား နေ့ကလေးထိန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းအား ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တို့က “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တို့က ကလေးငယ်များအား ကစားစရာအရုပ်များနှင့် မုန့်များပေးအပ်ခြင်း