တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ
- Tue, 1 July 2025
အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော် ဇူလိုင် ၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအား ယခုကဲ့သို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကို ကျင်းပခြင်းအားဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်သက်ဆိုင်သော အသိအမြင်များ တိုးပွားလာစေမည့်အပြင် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်လည်း အဂတိလိုက်စားမှုမြောက်နိုင်သော ကိစ္စရပ်များ၊ နိုင်ငံတော် နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုဖြစ်စေနိုင်သော ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်၍ အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်” ဆိုသည့် စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်ကာမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (Corruption Prevention Unit - CPU) များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ အထူးကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု/ တာဝန်ခံမှုရှိရန်နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်အတွက် ကျောသားရင်သား မခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ အဂတိတရားကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ပြီး ပြည်သူများအတွက် အကျိုးပြုနိုင်သော အဂတိတရားကင်းရှင်းသော ဝန်ထမ်းကောင်းများဖြစ်ကြပါစေကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုအမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများကို လုံးဝသည်းမခံ၊ ခွင့်မလွှတ်သည့် Zero Tolerance အသိုက်အဝန်း တည်ဆောက်နိုင်ရန်အတွက် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဦးစွာတည်ဆောက်ရမှာဖြစ်ပါကြောင်း၊ ကော်မရှင်အနေနှင့် ဥပဒေပါရည်ရွယ်ချက်ဖြစ်သည့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးကဏ္ဍတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ပြီး အများပြည်သူဆိုင်ရာကဏ္ဍတွင် ဝန်ဆောင်မှုပေးနေသည့် နိုင်ငံ့ဝန်ထမ်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းမှုများကို ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
တိုင်းရင်းသားလူမျိုးမျာရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင် က အဂတိလိုက်စားမှု သဘောသဘာဝများ၊ သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊
နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်
က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးခြင်း
အခမ်းအနားသို့ တက်ရောက်လာသည့် အမြဲတမ်းအတွင်းဝန်က သိရှိလိုသည်များ မေးမြန်းခြင်း
သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က ပြန်လည်ဖြေကြားခြင်း
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း
အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း