အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ
- Mon, 30 June 2025
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဇွန် ၃၀
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ အခမ်းအနားကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊
ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ငလျင်ကြောင့် စိတ်ဒဏ်ရာ ခံစားခဲ့ကြရသည့်ဝန်ထမ်းများ စိတ်သက်သာရစေရန် ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြောင်း၊ အခြေခံစားသောက်ကုန်များကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း၊ ၎င်းအပြင် လုံခြုံစိတ်ချရသည့် လုပ်ငန်းခွင်ဖြစ်စေရန် ရည်ရွယ်၍ ရင်ခွင်ပိုက်ကလေးငယ်များရှိသည့် ဝန်ထမ်းများအတွက် နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ပေးရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကိုင်တွယ်ဆောင်ရွက်ရာ၌ ကိုယ်တိုင်အဂတိကင်းရှင်းစွာ ဆောင်ရွက်သင့်ကြောင်း၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို သေချာမှတ်တမ်းထားရှိရန်နှင့် လုံခြုံရေးသတိပြုရန် လိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက ဇွန်လအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေး ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး
ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်ရုံးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ

