အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Tue, 10 June 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း


နေပြည်တော်၊ ဇွန်လ  ၁၀  ရက်

            အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

            အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့မှ စုစုပေါင်း အရာထမ်း၊ အမှုထမ်း (၂၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။ 

            ပထမဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က အဖွင့်အမှာစကားပြောကြားရာ၌ ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေရှိသည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သော အကြောင်းအရာများအား ကြိုတင်ရှောင်ကြဉ်နိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိအမြင် ဗဟုသုတတိုးစေရန်အတွက် ကောင်းမွန်သည့် အထောက်အပံ့တစ်ခုဖြစ်ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိအမြင်၊ ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

            ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဂတိလိုက်စားမှုသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် ကဏ္ဍအသီးသီးကို ထိခိုက်စေပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ကြီးမားသည့် အဟန့်အတားတစ်ခုဖြစ်ပါကြောင်း၊ နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ အဂတိလိုက်စားမှုပုံစံအမျိုးမျိုး ဖြစ်ပေါ်နေပါကြောင်း၊ အဂတိလိုက်စားမှုကျူးလွန်သူများသည် မသမာသည့်နည်းလမ်းဖြင့် ရရှိလာသည့် ငွေကြေးနှင့် ပစ္စည်းများကို အသွင်ပြောင်းပြီး ဘဏ်များတွင် အပ်နှံခြင်း၊ ငွေလွှဲပြောင်းပေးပို့ခြင်းများ  ဆောင်ရွက်ကြသည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လက်တွေ့စစ်ဆေးရေးလုပ်ငန်းစဉ်များတွင် တွေ့ရှိနေရသည့်အတွက် ဘဏ်လုပ်ငန်းများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ 

            ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း ခေါင်းဆောင်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU)များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်(ရုံးချုပ်) တို့  ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ


အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က အဖွင့်အမှာစကားပြောကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးခြင်း



အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဦးတင်မြင့် က သိရှိလိုသည်များ မေးမြန်းခြင်း



သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက် က ပြန်လည်ဖြေကြားခြင်း



ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း



အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ