အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းမှု အခမ်းအနား ကျင်းပ
- Wed, 23 April 2025
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က မိတ်ဆက်စကားပြောကြားခြင်း
နေပြည်တော်၊ ဧပြီ ၂၃
၂၀၂၅ ခုနှစ်၊ ၊ ဧပြီလ ၂၃ ရက်၊ နံနက် ၀၉:၀၀ နာရီတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)မှ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ကော်မရှင်ရုံး ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းမှု အခမ်းအနားကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး၊ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြသည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက မိတ်ဆက်စကားပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ၂၈-၃-၂၀၂၅ ရက်နေ့က တွေ့ကြုံခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် များစွာထိခိုက်ဆုံးရှုံးခဲ့ရပြီး အစိုးရအနေဖြင့် ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကော်မရှင်အနေဖြင့် ဝန်ထမ်းများအတွက် လုံခြုံစိတ်ချရသည့် နေရာများသို့ ပြောင်းရွေ့ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရက ငွေကြေး သန်းပေါင်းများစွာကို မတည်ထောက်ပံ့ပေးနိုင်ခဲ့ပြီး နိုင်ငံတကာအကူအညီများကိုလည်း ရရှိခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲက “သဘာဝဘေးနှင့် တွေ့ကြုံပါက ဦးစွာ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်နှင့် လူ့အသက်ထက်တန်ဖိုးရှိတာ မရှိကြောင်း” မှာကြားခဲ့ပါကြောင်း၊ လူ့အသက်ကို များစွာ တန်ဖိုးထားခြင်းဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ အရေးပေါ်အချိန်တွင် အကူအညီပေးသူများသည် မိတ်ဆွေစစ်များဖြစ်ပါကြောင်း၊ ကော်မရှင်ဝန်ထမ်းများအား မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) မှ ထောက်ပံ့ငွေများ လှူဒါန်းပေးခြင်းကိုလည်း များစွာ ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး က လှူဒါန်းငွေ ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ၌ ယခုကဲ့သို့ လှူဒါန်းခွင့်ရရှိသည့်အတွက် များစွာကျေနပ်ကြည်နူးရပါကြောင်း၊ ဝန်ထမ်းများအားလုံး သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါသည်။
ထို့နောက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး က လှူဒါန်းငွေ ကျပ်သိန်း (၂၀၀) အား ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးထံ ပေးအပ်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကော်မရှင် အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်အနေဖြင့် ဝန်ထမ်းများအတွက် မိုးမကျမီ မိုးလုံလေလုံယာယီအဆောက်အအုံ ဘာရှာ (Basha) များတွင် နေထိုင်နိုင်ရေးအတွက် ဆောက်လုပ်မည့် ကော်မရှင်ရုံးမြေနေရာတွင် စက်ယန္တရားများဖြင့် ဆောင်ရွက်နေခြင်းကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ငလျင်ဘေးဒဏ်သင့် ကော်မရှင်ရုံး ဝန်ထမ်းမိသားစုများအတွက်
ထောက်ပံ့ငွေကျပ်သိန်း(၂၀၀) ပေးအပ်လှူဒါန်းမှုမှတ်တမ်း
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးက လှူဒါန်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)က ကော်မရှင်ဥက္ကဋ္ဌအား ထောက်ပံ့ငွေကျပ်သိန်း(၂၀၀) ပေးအပ်လှူဒါန်းခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်ရုံးအနီး ဘာရှာအဆောက်အအုံများ ဆောက်လုပ်မည့် မြေနေရာအား စက်ယန္တရားများဖြင့် ဆောင်ရွက်နေခြင်းကို ကြည်ရှု့စစ်ဆေးခြင်း
ကော်မရှင်ရုံးအနီး ဘာရှာအဆောက်အအုံများ ဆောက်လုပ်မည့်
မြေနေရာအား စက်ယန္တရားများဖြင့် ဆောင်ရွက်နေခြင်း