အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ Naypyitaw State Polytechnic University တို့ ပူးပေါင်း၍ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကျင်းပ
- Tue, 24 December 2024
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဒီဇင်ဘာ ၂၄
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ Naypyitaw State Polytechnic University တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက်တွင် Naypyitaw State Polytechnic University အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Naypyitaw State Polytechnic University မှ ပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်၊ Naypyitaw State Polytechnic University မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျောင်းသား၊ ကျောင်းသူ ( ၄၃၀ ) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါစကားဝိုင်းတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အဖွင့်အမှာစကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို ရှက်ရွံ့သည့်၊ ဆန့်ကျင်သည့်၊ တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာရေး ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်တို့၏ အခန်းကဏ္ဍမြှင့်တင်ရန်၊ ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊
အဂတိလိုက်စားမှုသည် လူငယ်များ၏ ပညာသင်ကြားခွင့်၊ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းများကို ပိတ်ပင်ပြီး ဘဝအောင်မြင်မှုအထိ နှောက်ယှက်ဖျက်ဆီးနိုင်သည့်အပြင် လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် တက်ကြွမှုများကိုပါ နှောင့်နှေးသွားစေနိုင်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်ကြရမည်ဖြစ်ပါကြောင်း၊
လူငယ်များသည် အနာဂတ် နိုင်ငံတော်၏ခေါင်းဆောင်များ ဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ခေါင်းဆောင်ကောင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ခေါင်းဆောင်ရာတွင်သာ တော်နေသူမဟုတ်ဘဲ ကျင့်ဝတ်နှင့်လျော်ညီသည့် ရလဒ်များရရှိရန်အတွက် ထိထိရောက်ရောက် ဦးဆောင်ဦးရွက်ပြုနိုင်သူ” ဟု ဖွင့်ဆိုကြပါကြောင်း၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှုသည် ချိတ်ဆက်လျက်ရှိနေပါကြောင်း၊ ကျောင်းသားဘဝကတည်းက အဖွဲ့အစည်းနှင့် ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင် ခေါင်းဆောင်အဖြစ်သော်လည်းကောင်း၊ နောက်လိုက်အဖြစ်သော်လည်းကောင်း ပါဝင်ဆောင်ရွက်နေကြရပြီဖြစ်သည့်အတွက် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်များသည် ပြဿနာများကို ဖြေရှင်းရာတွင် တီထွင်ဖန်တီးနိုင်စွမ်းရှိကြပါကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာအသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက် သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေမျိုးထွန်းက ကျေးဇူးတင်စကားပြောကြား၍ ကော်မရှင်မှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် Naypyitaw State Polytechnic
University တို့ ပူးပေါင်းဆောင်ရွက်သည့် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ”
လူငယ်စကားဝိုင်း မှတ်တမ်းဓာတ်ပုံများ

Naypyitaw State Polytechnic University မှ ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း စတင်ဆွေးနွေးခြင်း

အခမ်းအနားတွင် တက်ရောက်လာသည့် ကျောင်းသားတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း

သိရှိလိုသည့်မေးခွန်းများနှင့် စပ်လျဉ်း၍ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူကျောင်းသူတစ်ဦး က ပြန်လည်ဖြေကြားခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းအား ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်း က ကျေးဇူးတင်စကားပြောကြားခြင်း

အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း



/1-80x80.jpg)

/1-80x80.jpg)
/001-80x80.jpg)

/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)
