သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်

  • Thu, 19 December 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်


အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ ဒီဇင်ဘာလ ၁၉ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့်  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၀၉ ၃၀ အချိန်တွင် ရုံးအမှတ်-၃၁၊ စုပေါင်းအစည်းအဝေး ခန်းမ(မြေညီထပ်)၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားများကို လက်ခံကျင်းပခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှု မြောက်နိုင်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာ များကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပါကြောင်း၊

အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာ၌ အဟန့်အတားပြုနိုင်သည့် ရောဂါဆိုးတစ်ခုဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် “ကိုယ်ကျင့်တရားပျက်ယွင်းခြင်း” ဖြစ်ပါကြောင်း၊ အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာပြီး နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေပါကြောင်း။

ထို့အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူများအကြား ဆင်းရဲချမ်းသာကွာဟမှုများလည်း ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံတော်၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ယိုယွင်း ပျက်စီးစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရမည်ဖြစ်သည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေ မည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသား ရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ “ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ်” ဆိုသည့် စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်လာကာမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိ လိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာ၌ တားဆီးကာကွယ်ရေးကဏ္ဍအနေနှင့် အသိပညာပေးရေးလုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ယခုကဲ့သို့ အစိုးရဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနှင့် စိတ်စေတနာထက်သန်စွာဖြင့် လိုက်လံကျင်းပပေးခြင်းကို ကြိုဆိုပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ရာ၌ မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး တိတိကျကျ မှန်မှန်ကန်ကန်ဆောင်ရွက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံမှ ကြိုးစားအကောင် အထည်ဖော်နေသည်ကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ယခုလို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမည် ဖြစ်ပါကြောင်း။

ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများအနေဖြင့်လည်း ယခုအခမ်းအနားမှရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရန်  တိုက်တွန်းပြောကြားလိုပါကြောင်း။ 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit- CPU)များဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိရာ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် “အသေးအဖွဲဟူ၍ မရှိ၊ အလေးအနက်ထား ဆောင်ရွက်ရမည်”၊ “ပြန်လည်သတင်းပို့ပါ”၊ “တာဝန်ဝတ္တရားထမ်းဆောင်ရင်း ပြည်သူလူထုအပေါ် ကုသိုလ်ပြုပါ”ဟူသည့် လမ်းညွှန်မှာကြားချက်များအတိုင်း တာဝန်ထမ်းဆောင်ရင်းဖြင့် ကုသိုလ်ယူသည့် စိတ်ဖြင့် ဆောင်ရွက်သွားကြမည်ဆိုလျှင် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံသည့်အခါ၌ ထိုကုသိုလ်ပြုသည့်စိတ်ကြောင့် အဂတိလိုက်စားမှုများ ကင်းရှင်းပြီး တစ်ယောက်နှင့်တစ်ယောက် မောင်ရင်းနှမ၊ သားနှင့်အမိ၊ မိသားစုပမာ ကူညီစိတ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် မိမိကိုယ်တိုင်လည်း အပြစ်ကင်းစင်သကဲ့သို့ တစ်ပါးသူတွင်လည်း မိမိကူညီခြင်း၏ အကျိုးသက်ရောက်မှုကို ခံစားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ်တွင် မိမိက အသေးအဖွဲမျှ ကူညီလိုက်သော်လည်း ကူညီခံရသူအတွက်မှာ အခက်အခဲအကြီးအမား ဖြစ်ကောင်းဖြစ်နိုင်ပါကြောင်း၊ မိမိတာဝန်ဝတ္တရားထမ်းဆောင်စဉ်အခါ၌ ဥပဒေဘောင်အတွင်းမှ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးခြင်းအားဖြင့် အလိုအလျောက် အဂတိလိုက်စားမှုများ ကာကွယ်တားဆီးရာ ရောက်စေမည်ဖြစ်ပါကြောင်း၊ မိမိဝန်ထမ်းများအနေဖြင့် အစဉ်သတိရှိစွာဖြင့် ဆောင်ရွက်သွားစေလိုကြောင်းနှင့် ယခုကဲ့သို့ အသိပညာပေး ရှင်းလင်းပြောကြားပေးသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရာတွင် အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ ဆောင်ရွက်နေကြောင်း၊ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင် အနေဖြင့် ဖွဲ့စည်းထားသည့် CPU များ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်နည်းပညာဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်းကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသိပညာပေးသည့်အပေါ် ဝန်ထမ်းများအနေဖြင့် ဗဟုသုတရရှိကာ ရှောင်ရန်၊ ဆောင်ရန်အချက်များရရှိပြီး ထပ်ဆင့်မျှဝေနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန် က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအောင်ခန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ နေ့လည် ၁၃ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်တို့ တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း က ဆွေးနွေးပြောကြားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ကို သာသနာရေးတွင် ၁ ဖွဲ့နှင့် ယဉ်ကျေးမှုတွင် ၁ ဖွဲ့၊ စုစုပေါင်း ၂ ဖွဲ့ ဖွဲ့စည်းထားပါကြောင်းနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒုတိယဝန်ကြီး အဖွဲ့ခေါင်းဆောင်ဖြင့်အဖွဲ့ဝင် ၁၆ ဦး ပါဝင်သောအဖွဲ့ကို ဖွဲ့စည်းထားပြီး အဖွဲ့၏ လစဉ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ မိတ္တူပေးပို့လျက်ရှိပါကြောင်း၊ 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး) ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများနှင့် တက္ကသိုလ်တို့အနေဖြင့် အများပြည်သူသို့ ဝန်ဆောင်မှုပေးလျက်ရှိရာတွင် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ သက်သေခံလက်မှတ်ထုတ်ပေးခြင်း၊ အခြားဘာသာဝင်များနှင့်စပ်လျဉ်း၍ ပြည်ဝင်ဗီဇာထောက်ခံချက်ပေးခြင်း၊ အခြားဘာသာဝင်များနှင့်စပ်လျဉ်း၍ ပြည်နေခွင့်သက်တမ်းတိုး ဗီဇာရရှိရေး ထောက်ခံချက်ပေးခြင်း၊ အခြားဘာသာဝင်များနှင့်စပ်လျဉ်း၍ ပြည်ပြန်ဝင်ခွင့်နှင့် အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့်ဗီဇာ ရရှိရေးထောက်ခံချက်ပေးခြင်း၊ သုတေသနစာကြည့်တိုက် ဝန်ဆောင်မှုပေးခြင်း၊ ပြည်ပနိုင်ငံများသို့ ဘုရားဆင်းတုတော်များ ပင့်ဆောင်ရာတွင် သာသနာရေးရှုထောင့်မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်ပေးခြင်းနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် ဝန်ဆောင်မှုများကို ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ ခရိုင်/မြို့နယ် သာသနာရေးမှူးရုံးများ၊ အခြားဘာသာရေးအဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် လက်ကမ်းစာစောင်များ ပြုလုပ်၍ ၂၀၂၃ ခုနှစ်၊ မေလမှစ၍ လစဉ် ဖြန့်ဖြူးပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ လက်ကမ်းစာစောင် ၂၈၁၂၇(နှစ်သောင်းရှစ်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်စောင်)ကို ဖြန့်ဖြူးပေးပြီးဖြစ်ပါကြောင်း၊

ဦးစီးဌာနများနှင့် တက္ကသိုလ်တို့သို့လာရောက်၍ ဝန်ဆောင်မှုများရယူသည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme အသုံးပြုရန်အတွက် ဝန်ကြီးရုံး (သာသနာရေး)မှ Corruption Prevention Unit- CPU Account (၁)ခု၊  ဦးစီးဌာန (၂)ခုနှင့် တက္ကသိုလ် တို့အတွက် Data Entry Office - DEO Account (၁)စီ၊ စုစုပေါင်း DEO Account (၃)ခုကို ဖွင့်လှစ်ထားရှိပြီး ၁-၇-၂၀၂၂ ရက်နေ့မှစ၍ အသုံးပြုလျက်ရှိပါကြောင်း၊

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝန်ဆောင်မှုများအပေါ် လစဉ် SMS Campaign ပြုလုပ်၍ အများပြည်သူထံမှ တုံ့ပြန်မှုများရယူပြီး ပြန်လည်ပေးပို့လာသည့် အကြံပြုချက်များကို သက်ဆိုင်ရာ ဦးစီးဌာန/တက္ကသိုလ်တို့မှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်းများ (Standard Operating Procedures – SOP)နှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)၏ လုပ်ငန်းလမ်းညွှန်(Terms of Reference –TOR) တို့ကိုလည်း ရေးဆွဲပြီး အဆိုပါတည်မြဲလုပ်ထုံးလုပ်နည်း၊ လုပ်ငန်းလမ်းညွှန်တို့နှင့်အညီ ဦးစီးဌာနများကို  လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်စေလျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန် က အဂတိလိုက်စားမှုသဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း

အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ