ပညာပေးဆွေးနွေးမှု

မန္တလေး နိုဝင်ဘာ ၂၅

--------------------------

ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး သင်ခန်းစာပို့ချမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ အမေရိကန်နိုင်ငံ သံရုံးမှ Ms. Deborah Lynn က အမေရိကန်နိုင်ငံ၏ အဂတိလိုက်စားမှုများအပေါ် ဆန့်ကျင်တိုက်ဖျက်မှုများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အကြောင်းကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း က ကော်မရှင်ကျင့်ဝတ်နှင့် ပတ်သက်၍ လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က “ပညာပြည့်ဝနှလုံးလှ လောကတစ်ခွင် ကောင်းကျိုးဆင်” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးပို့ချပြီး၊ ဆွေးနွေးပို့ချချက်များအပေါ် စခန်းဝင် လူငယ်မောင်မယ်များ၏ မေးမြန်းချက်များကို ပို့ချသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

မန္တလေး နိုဝင်ဘာ ၂၆
----------------------------


ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း၌ ၂၅-၁၁-၂၀၁၉ ရက်နေ့တွင် သင်ခန်းစာပို့ချမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျွမ်းကျင်သူ Mr.Mads Andersen က ဒိန်းမတ်နိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများအား လည်းကောင်း၊ Myanmar Centre for Responsible Business (MCRB) မှ Ms. Vicky Bowman က လက်ဆောင်ပေးခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် ကုမ္ပဏီများအား စစ်တမ်းကောက်ယူခြင်း အကြောင်းတို့ကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်အေးအေးမူက Promoting Integrity for Youth ခေါင်းစဉ်ဖြင့် လည်းကောင်း၊ UNODC မှ Ms Alma Sedlar က Introduction to Ethics and Integrity Part 1 ကို လည်းကောင်း၊ အင်ဒိုနီးရှား နိုင်ငံမှ Mr. Adnan Topan Husodo က Introduction to Ethics and Integrity Part 2 တွင် Causes of Corruption နှင့် Integrity and Anti-Corruption အကြောင်းကိုလည်းကောင်း၊ UNODC မှ Ms Alma Sedlar က Ethics နှင့် Value ၏ ကွာခြားချက်များကို လည်းကောင်း ဆွေးနွေးပို့ချခဲ့ပါသည်။ ဆွေးနွေး ပို့ချချက်များအပေါ် စခန်းဝင် လူငယ်မောင်မယ်များ၏ မေးမြန်းချက်များကို ပို့ချသူများမှ ပြန်လည် ဖြေကြားခဲ့ပြီး ညနေ(၄:၃၀) နာရီတွင် ဒုတိယရက် ဆွေးနွေးပို့ချမှုများ ပြီးမြောက်ခဲ့ပါသည်။

မန္တလေး နိုဝင်ဘာ ၂၃
-----------------


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်း၍ ကိုယ်ကျင့်တရား ဖြောင့်မတ်တည်ကြည်မှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့နှင့် ပတ်သက်သော သင်တန်းနည်းပြလက်စွဲစာအုပ် အကြောင်း ဆွေးနွေးပို့ချခြင်းကို ယနေ့နံနက် ၀၉၀၀ နာရီမှ ညနေ ၁၆၃၀ နာရီအထိ မန္တလေးမြို့ ဟိုတယ် ရွှေပြည်သာ VIP Lounge ၌ ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်း ၁/၂၀၁၉၊ နေပြည်တော်တွင် တက်ရောက်ခဲ့သော သင်တန်းသား (၁၁) ဉီးနှင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဖွင့်လှစ်မည့် ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်း ၂/၂၀၁၉၊ မန္တလေးတွင် တက်ရောက်မည့် ကျောင်းသားကျောင်းသူ ၁၁ ဉီး၊ စုစုပေါင်း ၂၂ ဉီး တက်ရောက်ခဲ့ကြပါသည်။

မန္တလေး နိုဝင်ဘာ ၂၃
-------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူထုပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များ အကြားတွင် ဖြောင့်မတ်တည်ကြည်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ “ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉ (မန္တလေး)” (Youth Integrity Camp 2/2019 Mandalay) ကို မန္တလေးနည်းပညာတက္ကသိုလ်တွင် နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်ထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ရာ လူငယ်စခန်းသို့ တက်ရောက်ကြမည့် ဆရာ/ ဆရာမ၊ ကျောင်းသား ကျောင်းသူ လူငယ်များသည် တည်းခိုနေထိုင်မည့် မန္တလေး နည်းပညာတက္ကသိုလ်သို့ ယနေ့ ညနေပိုင်းတွင် ရောက်ရှိကြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ နည်းပညာ အကူအညီဖြင့် ဤစခန်း အစီအစဉ်ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ ကောလိပ် (၁၂) ခုမှ ဆရာ/ဆရာမ၊ ကျောင်းသားကျောင်းသူ ၁၂၇ ဉီး တက်ရောက်ကြမည်ဖြစ်သည်။