ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုတိယရဲအုပ် ဟန်လင်းအောင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

Published In: နောက်ဆုံးရသတင်း Created Date: 2019-12-27 Hits: 135

နေပြည်တော် ဒီဇင်ဘာလ( ၂၇ )ရက်

++++++++++++++++++++++++

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့ ကျောက်သဲတင် ဖောကားဖြင့် ပျဉ်းကတိုး ၂ တန် ခန့်အား သယ်ဆောင်လာစဉ် ၂-၂-၂၀၁၉ ရက်နေ့ နံနက် ၃:၃၀ အချိန်တွင် တောင်ငူ မြို့မစခန်းမှ နယ်ထိန်း ဒုတိယရဲအုပ် ဟန်လင်းအောင် ပါ တပ်ဖွဲ့ဝင် (၈)ဦးက တောင်ငူမြို့ အဝင် အဝေးပြေးယာဉ် ရပ်နားစခန်းအနီး၌ ဖမ်းဆီးပြီး လာဘ်ငွေတောင်းခံသဖြင့် ပေးခဲ့ရခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုတိယရဲအုပ် ဟန်လင်းအောင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ၁-၂-၂၀၁၉ ရက်နေ့ ညဉ့်နက် လှည့်ကင်းတာဝန်ထမ်းဆောင်စဉ် ၂-၂-၂၀၁၉ ရက်နေ့ နံနက် ၃:၃၀ အချိန် ခန့်တွင် သစ်များတင်ဆောင်လာသော မော်တော်ယာဉ်အား တားဆီးပြီး လာဘ်ငွေကျပ်သိန်း ၅၀ တောင်းခံခဲ့ကြောင်း၊ အကြိမ်ကြိမ်ညှိနှိုင်း၍ ငွေကျပ် (၁၀)သိန်းပေးလျှင် မော်တော်ယာဉ်အား လွှတ်ပေးမည်ဟု ဒုတိယရဲအုပ် ဟန်လင်းအောင်က ပြောဆိုပြီး ငွေကျပ် (၁၀)သိန်းကို (၂)ကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်းသည် ပေးအပ်ထားသော ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒုတိယရဲအုပ် ဟန်လင်းအောင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့မရဲစခန်းတွင် ၂၇-၁၂-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Same In Category

Related Blogs By Tags