ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉ စခန်းသိမ်းပွဲကျင်းပ

Published In: နောက်ဆုံးရသတင်း Created Date: 2019-11-28 Hits: 49

မန္တလေး နိုဝင်ဘာ ၂၈

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ နည်းပညာအကူအညီဖြင့် ဖွင့်လှစ်သော ဖြောင့်မတ် တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉ စခန်းသိမ်းပွဲ အခမ်းအနားကို ယနေ့ညနေ (၃)နာရီ အချိန်တွင် မန္တလေးမြို့၊ ရွှေပြည်သာဟိုတယ်၊ သာရတနာမင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အခမ်း အနားတွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား ကျင့်ဝတ်လိုက်နာသူအဖြစ် အသိအမှတ်ပြု လက်မှတ်များကို ကော်မရှင်ဥက္ကဋ္ဌကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူက လည်းကောင်း၊ တက္ကသိုလ်/ကောလိပ်များမှ ကိုယ်စားလှယ် တစ်ဦးစီအား ပေးအပ်ခဲ့ပါသည်။

ထို့နောက် UNODC မှ  Country Manager, Mr.Troels Vester က ကျေးဇူးတင်စကား ပြောကြားရာတွင် မြန်မာလူ့အဖွဲ့အစည်း ပိုမိုဖြောင့်မတ်တည်ကြည်လာအောင် လူငယ်များသည် ဦးဆောင်ကြိုးပမ်းသူများဖြစ်လာပြီး တောက်ပသော နိုင်ငံအနာဂတ်အတွက် ပြုပြင်ပြောင်းလဲရေး ကိုယ်စားလှယ်များဖြစ်နေကြပြီဖြစ်ကြောင်း၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများ သဘောသဘာဝများကို သေချာနားလည်သဘောပေါက်ပြီး လက်ဆင့်ကမ်းမျှဝေရန် လိုအပ်ပါကြောင်း၊ အနာဂတ်၌ ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များကို စခန်းမှ သင်ကြားပေးနိုင်ခဲ့သဖြင့် လူငယ်စခန်း ဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက် ပေးသူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့ပါသည်။ ထို့နောက် စခန်းဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကိုယ်စား မန္တလေး တက္ကသိုလ်မှ မအိမ့်ဝတီထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်နှုတ်ဆက်စကားပြောကြားရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် တရားစွဲဆိုအရေးယူဆောင်ရွက်ရုံမျှဖြင့် အောင်မြင်နိုင်မည်မဟုတ်၍ ကော်မရှင် သည် ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်ပေးသော အပြုသဘောဆောင်သည့် နည်းလမ်းကို အခြား အစီအစဉ်များထက် ပိုမိုအလေးထား ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊ ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းသည် ယင်းအစီအစဉ်များအနက် တစ်ခုဖြစ်ကြောင်း၊ နယ်ပယ်အသီးသီးမှာ အနာဂတ် နိုင်ငံတော်အတွက် အားကိုးအားထား ပြုနိုင်သော သူရဲကောင်းများ မပေါ်ပေါက်နိုင်စေရေးအတွက် အဂတိလိုက်စားမှုက လွှမ်းမိုးသည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း၊ ရိုးရိုးကျင့် မြင့်မြင့်ကြံ မှန်မှန်ပြောသူ များအတွက် နေရာမရရှိခဲ့သည်မှာလည်း ကြာပြီဖြစ်ကြောင်း၊ ဤကဲ့သို့သော အမှားအယွင်းများကို ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး နည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲပေးနိုင်ရန် ဤစခန်းတွင်ပါဝင် ခဲ့သော လူငယ်များ၌ အသိပညာနှင့် အတွေ့အကြုံများ ရရှိခဲ့ကြပြီဟု ယုံကြည်ကြောင်း၊ လူအများ အပြားကို ဒုက္ခဖြစ်စေသော ပဋိပက္ခအများစု၏ အကြောင်းရင်းအခြေအမြစ်သည် “အဂတိလိုက်စားမှု ဖြစ်သည်”ဆိုသည့် အချက်ကို သိရှိနားလည်ခဲ့ပြီးသည့်နောက် လူငယ်များအနေဖြင့် “မိမိတို့၏ အနာဂတ်ဘဝ သာယာရေးအတွက် အဂတိလိုက်စားမှုကင်းဝေးသော လူ့ဘောင်ကို မဖြစ်မနေ ထူထောင်ကြမည်။ ဤသို့ ထူထောင်ရန်အတွက် မိမိတို့ကိုယ်တိုင်ကလည်း ဖြောင့်မတ် တည်ကြည်စွာ ပြောဆိုနေထိုင် လုပ်ကိုင်ကြမည်။ မိမိတို့၏ပတ်ဝန်းကျင်မှ လူများကိုလည်း အတတ်နိုင်ဆုံး ဖြောင့်မတ် တည်ကြည်မှုရှိစေရန် ရှေ့ဆောင်လမ်းပြသွားမည်” ဟူ၍ ဆုံးဖြတ်ချက်တစ်ရပ် ခိုင်မာစွာ ချမှတ်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပို့ချချက်များမှ သင်တန်းသားများက ထုတ်ဖော်ခဲ့သည့် လူငယ်ထုလိုက်နာရမည့် ကျင့်ဝတ် (၁၀)ချက်ကို ရေးဆွဲခဲ့ကြပါသည်။

ထို့နောက် လူငယ်စခန်းအား အောင်မြင်စွာပိတ်သိမ်းပြီး ညနေပိုင်းတွင် စခန်းဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ တက္ကသိုလ်/ကောလိပ်များသို့ ကော်မရှင်ရုံးမှ စီစဉ် ပေးသော မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။

Same In Category

Related Blogs By Tags