"တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ကျင်းပခြင်း

Published In: နောက်ဆုံးရသတင်း Created Date: 2019-10-24 Hits: 285

မုံရွာ၊  အောက်တိုဘာ၂၄

----------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ နည်းပညာအကူအညီဖြင့် "တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့်စီးပွားရေး လုပ်ငန်းများ" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊မြသလ္လာခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး၊ ပြင်ပပညာရှင်များ၊ ကော်မရှင်အဖွဲ့ဝင်၊ UNDP ကိုယ်စားလှယ်နှင့် ဒေသခံ စီးပွားရေးနှင့် CSO ကိုယ်စားလှယ်များ၊ စုစုပေါင်း(၇)ဦးတို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများ၊ တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို စင်မြင့်ထက်တွင် စကားဝိုင်းအသွင်ဖြင့် ဆွေးနွေးကြသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက အမှာစကားပြောကြားရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေးကို အခိုင်အမာတည်ဆောက်ရန်အတွက် အဂတိလိုက်စားမှုကင်းစင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အုပ်ချုပ်ရေးစနစ် မြင့်မားတိုးတက်ဖို့ အရေးကြီးပါကြောင်း၊ နိုင်ငံ၏ မောင်းနှင်အားဖြစ်တဲ့ ပုဂ္ဂလိကကဏ္ဍ၏ စီးပွာရေးလုပ်ငန်းများ အနေဖြင့်လည်း တာဝန်ယူမှုရှိရန် လိုအပ်ပါကြောင်း၊ ကျင့်ဝတ်လိုက်နာသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်ဖို့လိုသလို စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့လည်း ကျင့်ဝတ်များ ရေးဆွဲကြပြီး လိုက်နာစောင့်ထိန်းဖို့လိုမှာဖြစ်ကြောင်း၊ အဂတိတရား ကင်းစင်ကြလျှင် ပြည်သူ့ဘဏ္ဍာများကို ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းစေမည့် နေရာများတွင် မှန်မှန်ကန်ကန် ခွဲဝေသုံးစွဲလာနိုင်ပြီး ပြည်သူများတစ်ဦးချင်း ဝင်ငွေများ တိုးပွားလာခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်များကို အလေးထားအကောင်အထည်ဖော် လုပ်ဆောင်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

 

ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားရာတွင် အဂတိလိုက်စားမှုဆိုသည်မှာ လာဘ်ပေးလာဘ်ယူခြင်းထက် များစွာ ပိုမိုကျယ်ဝန်းကြောင်း၊ ယုံကြည်အပ်နှံထားသော လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများတွင်သာမက ပုဂ္ဂလိက လုပ်ငန်းများနှင့်ပါ သက်ဆိုင်စေပြီး လာဘ်ငွေအနည်းငယ်ပေးခြင်း၊ ယူခြင်းမှသည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းအထိ ပါဝင်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၂၀/၂၀၁၈) ဖြင့် စတုတ္တအကြိမ်ပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ခုနှစ် ဇွန်လ၂၁ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သဖြင့် ယင်းဥပဒေအရ အဂတိလိုက်စားမှုဆိုသည်မှာ လာဘ်ပေးလာဘ်ယူခြင်းမျှသာ မဟုတ်တော့ဘဲ "တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်းဟူသော အချက် ထပ်မံဖြည့်စွက် ပါဝင်လာပါကြောင်း၊ သို့ဖြစ်၍ ကော်မရှင်သည် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုလေးနက်သော နိုင်ငံတော်၏ အကျိုးစီးပွားများ၊ တန်ဖိုးထားမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်စေသည့် အခြားအဂတိလိုက်စားမှု ပုံသဏ္ဍာန်များကိုပါ ကော်မရှင်က ထိရောက်စွာ တိုက်ဖျက်သွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ကော်မရှင်ဥက္ကဋ္ဌက ဆက်လက်၍ အဂတိလိုက်စားမှု စနစ်ဆိုးကို တိုက်ဖျက်လိုသော စိတ်ဆန္ဒ အမှန်တကယ်ရှိကြမည်ဆိုလျှင် ပုဂ္ဂလိက အကျိုးစီးပွားနှင့် အများပြည်သူ အကျိုးစီးပွားအကြား ခွဲခြားစဉ်းစားတတ်ရန် အရေးကြီးကြောင်း၊ ပုဂ္ဂလိကအကျိုးစီးပွားဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ အကျိုးစီးပွားသာမက ပုဂ္ဂိုလ်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတစ်ခု၊ စက်ရုံအလုပ်ရုံ တစ်ခု၊ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားနှင့်လည်း သက်ဆိုင်ကြောင်း၊ အကယ်၍ လုပ်ပိုင်ခွင့်အာဏာရှိသူက ၎င်း၏အခွင့်အာဏာကို အလွဲအသုံးပြုပြီး ပုဂ္ဂလိက အကျိုးစီးပွားအလို့ငှာ အများပြည်သူ အကျိုးစီးပွားဖြစ်သည့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေမည်ဆိုလျှင် တံစိုးလက်ဆောင်ရယူကြောင်း ပေါ်ပေါက်သည်ဖြစ်စေ၊ မပေါ်ပေါက်သည်ဖြစ်စေ အဂတိလိုက်စားမှုပင်ဖြစ်ပါကြောင်း၊ ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းသူများကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေး တရားစွဲဆိုခြင်း မပြုလုပ်နိုင်ခဲ့သော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း တာဝန်ကို မည်သည့်နည်းနှင့်မျှ ကျေပွန်စွာ ထမ်းဆောင်နိုင်မည် မဟုတ်ကြောင်း၊ ထိုသို့ တာဝန်အရ အရေးယူဆောင်ရွက်ရာတွင် သူတစ်ပါးကို ထိခိုက်ပျက်စီးစေလိုသည့် ဗျာပါဒတရားမှ ကင်းဝေးစေရန်အတွက် ယနေ့အထိ တရားစွဲဆို အရေးယူဆောင်ရွက်ခဲ့သော အမှု (၁၇၂)မှုကို ဘက်လိုက်ခြင်းကင်းစွာဖြင့် အလေးအနက်ချင့်ချိန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဤအမှုများအပေါ် သင်ခန်းစာရယူ၍ နိုင်ငံ့ဝန်ထမ်းများက မိမိတို့၏ တန်ဖိုးထားမှုများကို ဒီမိုကရေစီ စံနှုန်းနှင့်အညီ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲပေးနိုင်ကြမည်ဆိုလျှင် အဂတိလိုက်စားမှုကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုများကို ဆောလျင်စွာ ဆယ်တင် ကုသပေးနိုင်ပြီး မိမိတို့၏ မျိုးဆက်များအတွက်လည်း အဂတိကင်းသော လူ့ဘောင်ကို ထူထောင်ပေးခဲ့နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က "ဖွံ့ဖြိုးတိုးတက်မှုအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဒေါက်တာ တင်မောင်သန်း(သင့်ဘဝ) က Moderator အဖြစ် ဆောင်ရွက်ပြီး "တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍ"၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်က "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ"၊  စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက"တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍ" အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ ဒု-ဥက္ကဋ္ဌ ဦးမြင့်ဇော်က "တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ"၊ စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်သူရိန်ထွန်းက "တာဝန်ယူမှုရှိသော CSO ကဏ္ဍနှင့် UNDP ကိုယ်စားလှယ် ဦးအောင်ထွန်းက "အဂတိလိုက်စားမှုအန္တရာယ် ဖြစ်နိုင်ခြေရှိမှုခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် တက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော် တရားသူကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)မှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း အင်အား (၄၀၀)ခန့် တက်ရောက်ကြသည်။

Same In Category

Related Blogs By Tags