အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ

  • Mon, 8 May 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ


နေပြည်တော်၊ မေ ၈

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ 

    သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဖွင့်အမှာ စကားပြောကြားရာ၌ ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားလာစေရန်၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်အတွက် အထောက်အကူဖြစ်စေသည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူလိုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ရုံးလုပ်ငန်းအခြေခံသဘောတရားများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်လုပ်ကိုင်စေခြင်းဖြင့် လုပ်ငန်းခွင်ပျော်ရွှင်ပြီး အမှန်တကယ် အရည်အသွေးပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများကို နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိလိုက်နာဆောင်ရွက်ရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအနက် ဝန်ထမ်းများနှင့်ပတ်သက်သည့် ကောက်နုတ်ချက်များ၊ ရုံးလုပ်ငန်းအခြေခံသဘောတရားများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ စတိုပစ္စည်းစာရင်းနှင့် အမှုတွဲထိန်းသိမ်းနည်းများ၊ မိမိတို့ ကိုင်တွယ်ကျင့်သုံးရသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေနှင့် ဆက်စပ်ဥပဒေများအား သင်ကြားဆွေးနွေးပေးမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းနိုင်မှု၊ လက်တွေ့လုပ်ငန်းနယ်ပယ်မှာ အသုံးဝင်သည့် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရုံးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရေးအတွက် စနစ်တကျ လေ့လာသင်ယူမှတ်သားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

    မိမိဌာန/ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် အခြေခံအားဖြင့် လူ့စွမ်းအားအရင်းအမြစ်၊ အရင်းအနှီးနှင့် နည်းပညာများ လိုအပ်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် လူသားအရင်းအမြစ်ကောင်းများကိုလည်း စနစ်တကျ မွေးမြူဆောင်ရွက်ရန် အဓိကလိုအပ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက် လေ့ကျင့်သင်ကြားပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးမည့် ဘာသာရပ်များကို လေ့လာသင်ယူသိရှိနားလည်ပြီး လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာတွင် တိကျမှန်ကန် မြန်ဆန်စွာ လုပ်ဆောင်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

    သင်တန်းသို့ ကော်မရှင်ရုံးမှ  သင်တန်းသား/ သင်တန်းသူ (၃၄) ဦးတို့က In-House အဖြစ်လည်းကောင်း၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်မြို့တို့ရှိ ကော်မရှင်ရုံးခွဲများမှ သင်တန်းသား/သင်တန်းသူ (၁၆) ဦးတို့က  Online စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ  မေလ ၈ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ် ကြာမြင့်မည်ဖြစ်ပါသည်။


ဆက်စပ် သတင်းများ