အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

  • Fri, 17 March 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်


နေပြည်တော်၊ မတ် ၁၇ 

    “အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုဖြစ်ပွားပြီးမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် “Prevention is better than Cure” ဆိုသည့် စကားနှင့်အညီ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းတို့ကို အထူးအလေးထား ဆောင်ရွက်ရမှာ ဖြစ်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဆိုပါ လုပ်ငန်းများကို အစဉ်တစိုက် ကြိုးစားဆောင်ရွက်လျက်ရှိရာ………….”

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ယနေ့ နံနက် ၀၈:၀၀ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဖွင့်လှစ်လျက်ရှိသည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် ၁၂ နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် ၁၃ တို့မှ သင်တန်းသား၊ သင်တန်းသူများအား “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ” ဘာသာရပ်ကို သင်ကြားပို့ချခဲ့ပါသည်။ 

    ထိုသို့ သင်ကြားပို့ချခဲ့ရာတွင် “သင်တန်းသား၊ သင်တန်းသူများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသည်နှင့်အညီ နိုင်ငံတော်ယန္တရားတစ်ခုလုံး စဉ်ဆက်မပြတ် သက်ဝင်လှုပ်ရှားစေရန်၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခု ဖြစ်ပေါ်စေရန်နှင့် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းတိုင်းသည် ဝန်ထမ်းကောင်းဖြစ်ရန် လိုအပ်သည်နှင့်အညီ နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားတွင် ပါဝင်ဆောင်ရွက်နေသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများကို လိုက်နာစောင့်ထိန်းရန်လိုအပ်ပါကြောင်း” တိုက်တွန်း မှာကြားခဲ့ပါသည်။

    ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၊ ယုဇနဧည့်ခန်းမ၌ တွေ့ဆုံ၍ မန္တလေးတိုင်းဒေကြီးအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးခဲ့ကြပါသည်။


    ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် မန္တလေးတိုင်းဒေကြီး ဝန်ကြီးချုပ်နှင့်အတူ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပုဂ္ဂလိကကဏ္ဍသို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း အခမ်းအနား” သို့ တက်ရောက်၍ “ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍” ဆွေးနွေးခဲ့ပါသည်။


    ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပူးပေါင်းညှိနှိုင်းချက်များဖြင့် မန္တလေးတိုင်းဒေသကြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit _ CPU) ကို အဖွဲ့ဝင်(၁၉) ဦးဖြင့်ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံ ဝန်ဆောင်မှုပေးလျက်ရှိသော တိုင်းဒေသကြီးအဆင့် ဌာန (၃၁) ဌာနတွင်လည်း ဌာနတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုများ ပပျောက်မှသာ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရတစ်ရပ် ဖြစ်လာမည်ဖြစ်သဖြင့် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း” ဆွေးနွေး ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်နှင့်အညီ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်းများ တည်ဆောက်နိုင်ရန်အတွက် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၈ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့တွင် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအခန်းကဏ္ဍတစ်ခုမှာ စီးပွားရေးကဏ္ဍဖြစ်ရာ ယင်းကို နှောင့်နှေးစေသည်မှာ အဂတိလိုက်စားမှုပင်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများ ရှိနေပါက နိုင်ငံတော်၏ စီးပွားရေးစနစ်များ ယိုယွင်းပျက်စီးနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုကင်းစင်သော စီးပွားရေးလုပ်ငန်းနယ်ပယ် ဖြစ်ပေါ်လာစေရေးအတွက် ကော်မရှင် တစ်ခုကတည်းက ဆောင်ရွက်၍မရဘဲ အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းများကိုယ်တိုင်က ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါ‌ကြောင်း၊ ဤတွေဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်စက်မှု အသင်းချုပ် (MRCCI) အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသည့် အတွက် ကျေးဇူးတင်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝရှိသည့် စီးပွားရေးလုပ်ငန်း နယ်ပယ် ပေါ်ထွန်းလာမှသာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများ ပိုမို များပြား လာနိုင်မည်ဖြစ်ပါကြောင်း၊ကော်မရှင်အနေဖြင့် ကျင့်ဝတ်သိက္ခာစောင့်ထိန်းသော စီးပွားရေးဝန်းကျင်ကောင်း တစ်ခုကို ဖန်တီးပုံဖော်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ ကြေညာချက်ကို ကုန်သည်စက်မှုအသင်းချုပ်နှင့်ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ ကြေညာချက်တွင် စီးပွားရေးလုပ်ငန်းကဏ္ဍတွင် ဖြစ်ပေါ်နေသည့် အသွင်အမျိုးမျိုးဖြင့် ဖြစ်ပွားနေသော အဂတိလိုက်စားမှုများကို ပွင့်လင်းမြင်သာမှု၊ တာဝန်သိမှု၊ တာဝန်ရှိမှု၊ သိက္ခာရှိမှု၊ ရဲရင့်မှု၊ တရားမျှတမှုတို့ဖြင့် တိုက်ဖျက်သွားရန် သဘောတူညီထားပါ‌ကြောင်း၊ကော်မရှင်အနေဖြင့် “ပုဂ္ဂလိက အဖွဲ့အစည်းများ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် အခြေခံခိုင်မာသော လုပ်ငန်းဆိုင်ရာကျင့်ဝတ်များနှင့်သင့်လျော်သော ထိန်းချုပ်မှုနည်းလမ်းများကို ချမှတ်ဆောင်ရွက်နိုင်ရန် အခြေခံအချက်များ” ကို အမိန့်ကြော်ငြာစာ ၁၄/၂၀၁၈ ကိုထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ အမိန့်ကြော်ငြာစာပါ အချက်များသည် စီးပွားရေးလုပ်ငန်းကဏ္ဍအတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ကြရန် ပြဋ္ဌာန်းထားရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

    ထို့နောက်တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ