ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Fri, 17 February 2023

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၇  ရက်

    ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကို ယနေ့တွင် စစ်တွေမြို့၊   ဦးဥတ္တမခန်းမ၌ကျင်းပသည်။ 


        ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမည်ဖြစ်ကြောင်း၊  အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေမည့်နေရာများတွင် မှန်မှန်ကန်ကန် သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ  ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားတစ်ခု ဖြစ်သည့်အတွက် အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန် လိုအပ်ကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သေ ာအုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

            ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် များစွာ ပိုမိုကျယ်ဝန်းပါကြောင်း၊  ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများတွင် သာမက ပုဂ္ဂလိကလုပ်ငန်းများနှင့်ပါ သက်ဆိုင်ပြီး လာဘ်ငွေအနည်းငယ်ပေးခြင်း/ယူခြင်းမှသည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းအထိ ပါဝင်ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ အတည်မဖြစ်မီကာလအထိ အဂတိလိုက်စားမှုကို တံစိုးလက်ဆောင်ပေးခြင်း၊ ယူခြင်းအဖြစ်သာ အဓိပ္ပာယ်ဖွင့်ခဲ့ကြသည့်အတွက် လာဘ်ပေးလာဘ်ယူမှုဟုသာ လူအများက နားလည်မှတ်ယူခဲ့ကြပါကြောင်း၊ အဂတိလိုက်စားခြင်းသည် ပင်ကိုသဘောအရ အကျင့်ဖောက်ပြန်ခြင်းဖြစ်သည့်အပြင် ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့်အတွက်ကြောင့် တံစိုးလက်ဆောင်ပေးခြင်း၊ ယူခြင်းနှင့် လာဘ်ပေးလာဘ်ယူခြင်းတို့သာမက လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ ဆရာမွေးတပည့်မွေးခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ အပေါင်းအဖော်ကောင်းစားရေးအတွက် ဘက်လိုက်ခြင်းနှင့် ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ ကျင့်သုံးခြင်းတို့အထိ ပါဝင်ပါကြောင်း၊ အဂတိလိုက်စားမှု စနစ်ဆိုးကို တိုက်ဖျက်ရန်အတွက် ပုဂ္ဂလိကအကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွားအကြား ခွဲခြားစဉ်းစားတတ်ရန် အရေးကြီးကြောင်း၊ ပုဂ္ဂလိကအကျိုးစီးပွားဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအပြင် ပုဂ္ဂိုလ်ဆိုင်ရာစီးပွားရေးလုပ်ငန်းတစ်ခု၊ စက်ရုံအလုပ်ရုံတစ်ခု၊ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားနှင့်လည်း သက်ဆိုင်ပါကြောင်း၊ ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးတံတားဖြစ်ပါကြောင်း၊ အစိုးရကချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိစွာနှင့် အများပြည်သူအကျိုးစီးပွားအတွက် အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုပေးလိုသည့် စိတ်ကောင်း စေတနာအပြည့်အဝ ထားရှိရမည်ဖြစ်ပါကြောင်း၊  ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိမှသာ ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကိုရရှိပြီး ရေရှည်တည်တံ့ ခိုင်မြဲမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်း နည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့်အတွက် အသိပညာပေ းဟောပြောပွဲများ ကျယ်ပြန့်စွာ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အရွေ့တစ်ခု ဖြစ်ပါကြောင်း၊ အသိပညာပေးရာမှ မျိုးဆက်သစ်လူငယ်များအကြား ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ မူလတန်းပညာမှ အထက်တန်းပညာ ထို့အပြင် အဆင့်မြင့်ပညာအထိ ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် မျိုးဆက်သစ်များ၏  နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ရာတွင် အမှားကင်းစွာဖြင့် အားကြိုးမာန်တက် ပိုမိုစွမ်းဆောင်လာနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အသိပညာပေးဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်း‌ဆောင်ခြင်းဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်  ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

            ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များတက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ရခိုင်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) မှ အဖွဲ့ဝင်များကို ဆက်လက်ဆွေးနွေး ပို့ချသွားမည်ဖြစ်ခဲ့ပါသည်။

ဆက်စပ် သတင်းများ