အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

  • Tue, 7 February 2023

နေပြည်တော်၊ ဖေဖော်ဝါရီလ  ၇   ရက်


    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ၇-၂-၂၀၂၃ ရက်နေ့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) အား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာနည်းပညာသင်တန်းပို့ချခဲ့ရာ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက CPU သည် ဝန်ကြီးဌာနအသီးသီးတွင် အဂတိလိုက်စားမှု ဖြစ်ပွားနိုင်ခြေအန္တရာယ်များကိုလေ့လာပြီး ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန် ဖွဲ့စည်းထားရခြင်းဖြစ်ကြောင်း ၊ အဂတိလိုက်စားမှု အခွင့်အလမ်းများအား တားဆီးရန်ဌာန၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေ့လာဆန်းစစ်၍ အားနည်းချက်များရှိပါက ဖော်ထုတ်ပြုပြင် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးက CPU ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များ(Roles and Functions)ကို သဘောပေါက် နားလည်လာပြီး ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာပါကြောင်း၊ အဂတိလိုက်စားမှုဖြစ်ပွားလာမှ အရေးယူခြင်းထက် ကြိုတင်တားဆီးကာကွယ်ခြင်း (preventive Measure) သည်ပိုမိုထိရောက်၍ အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အစီအစဉ်သည် ကော်မရှင်တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် အများပြည်သူပါဝင်သောကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက CPU ၏လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure - SOP) ၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment - CRA) အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme - PFP) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြု ဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြပါသည်။



ဆက်စပ် သတင်းများ