အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) နည်းပညာသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ၏ အဖွင့်အမှာစကား

  • Tue, 5 February 2019


အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) နည်းပညာသင်တန်းအမှတ်စဉ် (၁/၂၀၁၉)     သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ၏ အဖွင့်အမှာစကား

( ၅-၂-၂၀၁၉)

၁။    နှုတ်ခွန်းဆက်သခြင်း။

၂။    အဂတိလိုက်စားခြင်းသည် ကိုယ်ကျင့်တရားပျက်ပြားခြင်းဖြစ်သည့်အပြင် စက်ဆုပ်ရွံရှာဖွယ် ကောင်းသောပြစ်မှုကိုကျူး လွန်ခြင်းလည်းဖြစ်သည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ဂုဏ်သိက္ခာနှင့် လူထု၏ယုံကြည်မှုကို ကျဆင်းစေနိုင်သည်ဆိုသည့်အချက်ကို မည်သူကမျှ မငြင်းနိုင်ပါ။ ပြည်ထောင်စုဝန်ကြီးဌာနတချို့တွင် ယခုဖွဲ့စည်းနေသော အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ CPU များ၏လုပ်ငန်းတာဝန်သည် ဌာနဆိုင်ရာဝန်ထမ်းများ၏ ဂုဏ်သိက္ခာနှင့်လူထု၏ယုံကြည်မှုတို့ကို ပြန်လည်မြင့်မား လာအောင် ဆယ်တင်ပေးနိုင်သည် ဖြစ်၍ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် အလွန်အရေးကြီးပါသည်။ သို့ရာတွင် CPUကို ဌာနဆိုင်ရာတချို့က ယခုအချိန်အထိ အသေအချာလက်ခံဖို့ဝန်လေးနေကြသေး ခြင်းသည် အတိတ်ခေတ်ကာလက ထားရှိ ခဲ့ကြသော တန်ဖိုးထားမှုနှင့် မျက်မှောက်ခေတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလတွင် ထားရှိအပ်သော တန်ဖိုးထားမှုတို့အကြား၌ ကွာဟချက် အတော်အတန်ရှိနေဆဲ ဖြစ်သောကြောင့်သာ ဖြစ်ရသည်ဟုယူဆပါသည်။ ဝန်ထမ်းတို့၏ ဂုဏ်သိက္ခာနှင့်လာဘ်ငွေ၊ လူထု၏ယုံကြည်မှုနှင့် မိမိတို့တစ်ဦးတစ်ဖွဲ့ အတွက်တစ်ကိုယ်ကောင်းဆန်သော  အဆင်ပြေသက်သာမှု၊ အများပြည်သူအကျိုးစီးပွားနှင့် ပုဂ္ဂလိကအကျိုးစီးပွားတို့တွင် မည်သည့်အရာကို ရွေးချယ်ကြမည်နည်းဟူသောမေးခွန်းသည် မိမိတို့၏တန်ဖိုးထားမှုများကို ကောင်း၏ မကောင်း၏၊ မှန်၏ မမှန်၏ သေချာစွာ အကဲဖြတ် ပေးနိုင်ပါသည်။ ဌာနဆိုင်ရာဝန်ထမ်းများက မိမိတို့၏ဂုဏ်သိက္ခာ၊ လူထု၏ယုံကြည်မှုနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအတွက်ကိုသာ ဦးစားပေးကြမည်ဆိုလျှင် မိမိတို့ကိုယ်တိုင် မည်သည့်နည်းနှင့်မျှ အဂတိလိုက်စားမှုမဖြစ်နိုင်ပါ။ အလားတူအခြားဝန်ထမ်းများအား အဂတိလိုက်စားမှု ကင်းရှင်းလာစေရေးအတွက် သက်ဆိုင်သူများကို ထိခိုက်နစ်နာမှုအနည်းဆုံး ဖြစ်သော နည်းပညာဖြင့် ပြုပြင်ပြောင်းလဲပေးနိုင်သည့်  ဤ CPU လုပ်ငန်းစဉ်တွင်လည်း ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်လာကြမည်မှာ အသေအချာဖြစ်ပါသည်။


၃။    ကော်မရှင်အနေဖြင့် ဝန်ထမ်းများအတွင်းသာမက  မိမိတို့လူ့ဘောင်အဖွဲ့အစည်းအတွင်း အစိတ်အပိုင်းအသီးသီးတွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တန်ဖိုးထားလွဲမှားမှုများ   ရှိနေသေးခြင်းကို ကောင်းစွာနားလည်သဘောပေါက်ပါသည်။ ယခုအချိန်တွင် လူငယ် လူလတ်တချို့သာမက ရာထူးကြီးတာဝန်များကို ထမ်းဆောင်နေရသော လူကြီးတချို့     သည်ပင်လျှင် မှန်ကန်ကောင်းမွန်သောတန်ဖိုးထားမှုများကို ကျောင်းသင်ခန်းစာများတွင် မသင်ကြားခဲ့ရသူ အများအပြားပါဝင်နေနိုင်သလို ဖြတ်သန်းလာခဲ့ရသော ဘဝအတွေ့အကြုံ တစ်လျောက်တွင်လည်း အဂတိတရားကင်းသောစံနှုန်းနှင့်ပတ်သက်၍ ထိတွေ့မှုနည်းပါး ခဲ့ကြရပါသည်။ သို့ဖြစ်၍ နှိုင်းယှဉ်မှုသဘောအရ ဖွံ့ဖြိုးပြီးနိုင်ငံများမှဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူသာမန်ပြည်သူပြည်သားများ၏ တန်ဖိုးထားမှုစံနှုန်း များနှင့် တန်းတူညီတူမဖြစ်နိုင်သေးသည်ကို မိမိတို့က ကောင်းစွာနားလည်လက်ခံနိုင်ရမည် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ကော်မရှင်သည် မိမိတို့၏လုပ်ပိုင်ခွင့်များကို ချိန်ချိန်ဆဆ ကျင့်သုံးသည့်အနေဖြင့် ပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းဟူသည့်လုပ်ငန်းအဆင့်ဆင့်ကို နိုင်ငံတော်ရဲ့ရေရှည်အကျိုးစီးပွားအတွက် မျှော်မှန်းကာ မူလတန်းအရွယ် ပညာပေးခြင်းလုပ်ငန်းမှစတင်၍ စီမံကိန်းများချမှတ် ဆောင်ရွက်လျှက်ရှိနေခြင်းဖြစ်ပါသည်။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၆(ဋ) နှင့်အညီဖြစ်သည့် အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက်၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ဝန်ထမ်းများအား အဂတိလိုက်စားသောပြစ်မှုကျူးလွန်ပြီးမှ အရေးယူရခြင်းသည် ကျူးလွန်ခဲ့သူများ၌ကြီးမားသော ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဖြစ်စေနိုင် သလို တာဝန်ရှိသူများကလည်း  တာဝန်ယူမှုအားနည်းချက်ရှိခြင်း၊ တစ်နည်းအားဖြင့် တာဝန်မကင်းဟုမှတ်ယူနိုင်ပါသည်။ ထို့ကြောင့် အဂတိလိုက်စားသောပြစ်မှု လုံးဝမကျုးလွန် မိစေရန် ဌာနများ၌ အဂတိလိုက်စားမှုပြဿနာပေါ်ပေါက်နိုင်သော အခြေအနေများကို ကြိုတင်စိစစ်ဖော်ထုတ်ရန်၊ တွေ့ရှိလာသောပြဿနာကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီဖြေရှင်းရန် သို့မဟုတ် အရေးယူဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာဥပဒေ ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်ညွှန်ကြားချက်တို့တွင် အဂတိလိုက်စားမှုဖြစ်နိုင်ခြေ (ဂယ်ပေါက်များ) ရှိ / မရှိ ဆန်းစစ်အကဲဖြတ်ချက် (Corruption Risk Assessment) ပြုလုပ်ပြီး ထိုဂယ်ပေါက်များကို စနစ်တကျပိတ်ဆို့ထိန်းချုပ်ခြင်းဖြင့် ဝန်ထမ်းများအား အနာဂတ်ကာလတွင်ပါ အဂတိလိုက်စားမှုများ ဆက်လက်မဖြစ်ပေါ်စေ ရေးအတွက် တားမြစ်သွားနိုင်ရန်တို့ဖြစ်ပါသည်။


၄။     CPU စီမံချက်သည် တစ်ဘက်တွင် ဝန်ထမ်းများအတွင်း၌ အဂတိကင်းရှင်းစေရန်  ရည်ရွယ်ထားသလို  အခြားတစ်ဘက်တွင်လည်း  ဌာနဆိုင်ရာများနှင့် ပြည်သူလူထုအကြား အောက်ခြေအဆင့်တွင်ဖြစ်ပွားနေသော အသေးစားအဂတိလိုက်စားမှု (Petty Corruption) အများအပြားကို တချိန်တည်း တပြိုင်တည်း ဟန်ချက်ညီညီတိုက်ဖျက်ရာတွင် ထိရောက်မှု ရှိစေရန်ဖြစ်ပါသည်။ ကော်မရှင်သည် ယင်းသို့ အသေးစားအဂတိလိုက်စားမှုများကို အရှိန်အဟုန်ဖြင့်တိုက်ဖျက်နိုင်ရေးအတွက် CPU စီမံချက်ကို ပြည်ထောင်စုဝန်ကြီးဌာနများ နှင့် ( ၆ ) လကျော်အချိန်ယူပြီး ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်ခဲ့ရပါသည်။ တချိန်တည်းမှာပင် ၂၀၁၈ ခုနှစ် ဇွန်လ ( ၂၁ ) ရက်နေ့တွင် နိုင်ငံတော်သမ္မတလက်မှတ်ရေးထိုးပြီး အသက်ဝင် နေပြီဖြစ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စတုတ္တအကြိမ် ပြင်ဆင်ချက်ဥပဒေဖြင့် အကြီးစားအဂတိလိုက်စားမှုများ (Grand  Corruption) ၏ပင်ရင်းဗဟိုချက်တစ်ခုဖြစ်သော နိုင်ငံတော်၏ဝယ်ယူရေးလုပ်ငန်းများအပါအဝင်ဖြစ်သည့် တင်ဒါလုပ်ငန်းစဉ်များတွင် အဂတိ လိုက်စားမှုများမဖြစ်ပွားစေရေးအတွက် ထိရောက်စွာတားဆီးကာကွယ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါတယ်။


၅။    မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အဂတိလိုက်စားမှုများကိုတပြိုင်နက်တိုက်ဖျက်နိုင်ရန် ဖြောင့်မတ် တည်ကြည်မှုကို အခြေခံသောအစုအဖွဲ့များ  (Integrity Pact) ဖြစ်ပေါ်လာစေရေးအတွက် အစိုးရဌာနများနည်းတူ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများပါ ကိုယ်စီ ကျင့်ဝတ်များ စောင့်ထိန်းလိုက်နာကြစေရေးကိုလည်း တိုက်တွန်းဆောင်ရွက်လျှက်ရှိရာ မကြာမီနှစ်အနည်းငယ်အတွင်း အဂတိလိုက်စားမှုများ ကျဆင်းလာနိုင်သည်ဟု ယုံကြည် ပါသည်။ တချိန်တည်းမှာပင် ကော်မရှင်သည်မိမိတို့ထံသို့ရောက်ရှိလာသော တိုင်ကြားချက် များကို ပိုမိုထိရောက်စွာအရေးယူဆောင်ရွက်ရန် ၂၀၁၉ ခုနှစ် လုပ်ငန်းစီမံချက်၌ ထည့်သွင်း ရေးဆွဲဆောင်ရွက်လျှက်ရှိပါသည်။  ဤကဲ့သို့  ကော်မရှင်ကအရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နေစဉ် ရှေးပြေးစီမံကိန်းအရ ပြည်ထောင်စုဝန်ကြီးဌာန (၁၄) ခုကလည်း  CPU အဖွဲ့များ ဖွဲ့စည်းပြီး သတ်မှတ်ပေးထားသောရည်ရွယ်ချက်များအတိုင်း ထိရောက်အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်လာခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ပြင်းပြသောနိုင်ငံရေးခံယူချက်ကို မိမိတို့အားလုံးက တက်ညီလက်ညီ အကောင်အထည်ဖော် ဖြည့်ဆည်း ပေးသွားနိုင်လိမ့်မည်ဖြစ်ပါကြောင်းပြောကြားရင်း  နိဂုံးချုပ်အပ်ပါသည်။




ဆက်စပ် သတင်းများ