International Anti-Corruption Academy (IACA) က ကြီးမှူးကျင်းပသည့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Jeffery D. Sachs ၏ “ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု ၏ ဆိုးကျိုးသက်ရောက်မှုများ” ဆွေးနွေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

  • Tue, 7 March 2023

International Anti-Corruption Academy (IACA) က ကြီးမှူးကျင်းပသည့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Jeffery D. Sachs ၏ “ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု ၏ ဆိုးကျိုးသက်ရောက်မှုများ” ဆွေးနွေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော် ၊ မတ်လ ၆ ရက်

    ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီမှ ၁၉:၀၀ နာရီအထိ Hybrid format ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Jeffery D. Sachs က “ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် အခမ်းအနားသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်‌ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်၍ ကိုယ်စားလှယ် (၇) ဦး ပါဝင်တက်ရောက်သည်။

    အဆိုပါ အခမ်းအနားသို့ IACA က ဖွင့်လှစ်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး Master Programme များနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သော သင်တန်းသားဟောင်းများ အပါအဝင် နယ်ပယ်အသီးသီးမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ကိုယ်စားလှယ် (၁၂၂) ဦးခန့် တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များတွင် ပန်းတိုင်(၁၇)ချက်ရှိပြီး Target မှာ (၁၆၉) ခု ရှိပါကြောင်း၊ အဆိုပါ ကိစ္စရပ်သည် ပြည်သူ့ရေးရာမူဝါဒပင်ဖြစ်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ခိုင်မာအားကောင်းသည့် အစိုးရတစ်ရပ်ဖြစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ထိုသို့မဟုတ်ပါက အဂတိလိုက်စားမှုများ ပိုမိုဖြစ်ပွားနိုင်ပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပြီး SDG Goals ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဟန့်အတားဖြစ်နေပြီး အရင်းအမြစ်များစွာ လိုအပ်လျက်ရှိပါကြောင်း၊ SDG Goals ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်၊ မည်သည့်အုပ်စု၊ မည်သည့်လူမျိုးမှ နောက်တွင်မကျန်ရှိရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်စသည့် အခြေခံအချက်များကို အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးကြပါသည်။ 

    အပြန်အလှန် ဆွေးနွေးမှုအပိုင်းတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အဆင်ပြေနိုင်သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နည်းပညာနှင့် လူသားအရင်းအမြစ်ဆိုင်ရာ အတားအဆီးများကြောင့် အကောင်အထည်ဖော်ရန် ခက်ခဲနိုင်သည့် အခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးပေးပါရန်” မေးမြန်းဆွေးနွေးမှုအပေါ် Mr. Jeffery D. Sachs က “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် ထိရောက်ကောင်းမွန်သည့် အစီအမံများရေးဆွဲထားခြင်း၊ လုံလောက်သောဘဏ္ဍာရန်ပုံငွေ ခွဲဝေသတ်မှတ်ပေးခြင်းနှင့်  ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များရယူခြင်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများလည်း လိုအပ်မည်ဖြစ်ပါကြောင်း” ပြန်လည်ဆွေးနွေးပါသည်။ ဆွေးနွေးပွဲသို့ ဦးဆောင်ဆွေးနွေးသူ Mr. Jerrery D. Sachs နှင့် ကိုယ်စားလှယ် အချို့က In-Person တက်ရောက်ဆွေးနွေးကြပြီး အခြားကိုယ်စားလှယ်များက Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်မှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့၏ အရေးပါမှုကို အပြန်အလှန်ဆွေးနွေး ကြပါသည်။

ဆက်စပ် သတင်းများ