လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်တိုက်ဖျက်ရေးဆိုင်ရာ မြန်မာ-လာအို နှစ်နိုင်ငံအစည်းအဝေးသို့ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

  • Tue, 27 November 2018

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်တိုက်ဖျက်ရေးဆိုင်ရာ မြန်မာ-လာအို နှစ်နိုင်ငံအစည်းအဝေးသို့ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်


27.11.2018

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(Anti-Corruption Commission - ACC )နှင့် လာအိုနိုင်ငံ အစိုးရ စစ်ဆေးရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင် အဖွဲ့(State Inspection and Anti-Corruption Authority-SIAA)တို့အကြား ၁၅.၁၀.၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ (MOU)အရ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အတွေ့အကြုံ ဖလှယ်ရေးဆိုင်ရာ နှစ်နိုင်ငံ အစည်းအဝေးအား ၂၀.၁၁.၂၀၁၈ ရက်နေ့မှ ၂၃-၁၁-၂၀၁၈ ရက်နေ့အထိ လာအိုနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်နှင့် ဒုတိယညွှန်ကြားရေးမှူ  ဦးလင်းဝေအောင်တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး လာအိုနိုင်ငံ SIAA မှ ဒုတိယဥက္ကဌ Mr. Sinay Mianglavanh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ပါသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံ ACC နှင့် လာအိုနိုင်ငံ SIAA တို့မှ ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဥပဒေ မူဘောင်နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပါသည်။

 

အဆိုပါနေ့ ညနေပိုင်းတွင် လာအိုနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် SIAA  ဥက္ကဋ္ဌဖြစ်သူ H.E. Dr. Bounthang Chitmany အား ဂါရဝပြုတွေ့ဆုံပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

 

ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၂.၁၁.၂၀၁၈ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယန်ကျင်းပြည်နယ်သို့သွားရောက်၍ မြို့တော်ဝန် Mr. Vidong Xayyasone နှင့်တွေ့ဆုံပြီး ပြည်နယ် အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး နှင့် တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီး ၂၃.၁၁.၂၀၁၈ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့်ပြန်လည် ရောက်ရှိခဲ့ပါသည်။

ဆက်စပ် သတင်းများ