အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ ထိုင်းနိုင်ငံ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

  • Thu, 8 March 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ ထိုင်းနိုင်ငံ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း


မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ၆-၃-၂၀၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌  ထိုင်းနိုင်ငံ အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေနွေးပွဲသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ကော်မရှင် အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးတို့ တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဥက္ကဋ္ဌ Mr. Watcharapol Prasarnrajkit၊ အထွေထွေအတွင်းရေးမှူး Mr.Warawit Sukboon နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံချုပ်ဆိုထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာ နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။ ထို့အပြင် အခြေခံပညာကျောင်းများ၊ သက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများ နှင့် တက္ကသိုလ်များတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်တိုက်ဖျက်ရေး သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် ပြည်သူလူထုအား အသိပညာပေး ခြင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်တိုက်ဖျက်ရေး ဆိုင်ရာမဟာဗျူဟာ ချမှတ်ခြင်းတို့နှင့် စပ်လျဉ်းသည့် နှစ်ဘက်သဘောထား အမြင်များကို ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံအမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုများ၊ မှတ်တမ်းထိန်းသိမ်းထားရှိမှုစနစ်နှင့် သက်သေတွေ့ဆုံစစ်ဆေး မေးမြန်းခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် မူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာ ကုလသမဂ္ဂရုံးမှ မြန်မာနိုင်ငံမန်နေဂျာ Mr. Troels Vester တို့လည်း တက်ရောက်ခဲ့သည်။

ဆက်စပ် သတင်းများ