သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်၊ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်၊ ရဲအုပ်မျိုးမင်းညွန့်(နုတ်ထွက်)၊ အကြီးတန်း စာရေး ဒေါ်ရှုရှုယဉ်နှင့် မြေတိုင်း-၄ ဦးစိုးမိုးအောင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Sat, 22 August 2020

နေပြည်တော် ဩဂုတ်လ  ၂၂  ရက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာနမှ ဝန်ထမ်းများသည် လုပ်ပိုင်ခွင့်အာဏာကို စွဲကိုင်၍ အဂတိလိုက်စားမှု ကျူးလွန်နေခြင်းအပေါ် ဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပေးပါရန် တိုင်ကြားလာပါသည်။

    တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်သည် ရွှေမျောလုပ်ကွက် ချထားပေးခြင်းနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ရှိသူဖြစ်ကြောင်း ပြောဆိုကာ ရွှေမျောလုပ်ကွက်များ လျှောက်ထားသည့် ကုမ္ပဏီထံမှ ငွေကျပ် သိန်း(၄၀)ကို လည်းကောင်း၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မုံရွာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်သည် ရွှေမျောလုပ်ကိုင်သည့် ကုမ္ပဏီထံမှ ငွေကျပ်(၂၀၃)သိန်းကို လည်းကောင်း၊ ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)သည် မိုင်းကိုင်းရဲစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရွှေမျောမောင်းသူ (၃)ဦးထံမှ ငွေကျပ်သိန်း (၅၀) နှင့် မျောလုပ်သား သေဆုံးခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ ငွေကျပ် သိန်း(၅၀)တို့ကို လည်းကောင်း လက်ခံရယူခဲ့ကြခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

    ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ်သည် အသေးစား ရွှေမျောလုပ်ကွက် လျှောက်ထားခြင်းနှင့်ပတ်သက်၍ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီမှ ထောက်ခံတင်ပြရန်အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြေတိုင်း-၄ ဦးစိုးမိုးအောင် ထံမှ ငွေကျပ် ၃၅၀,၀၀၀/-ကို လက်ခံရယူခြင်းဖြင့် အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း၊ အမှုတွဲထိန်း တာဝန်ထမ်းဆောင်သူ မြေတိုင်း-၄ ဦးစိုးမိုးအောင်သည် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ထောက်ခံတင်ပြရန်အတွက် ဒေါ်ရှုရှုယဉ်ထံ ငွေကျပ် ၃၅၀,၀၀၀/- ပေးခဲ့ခြင်းဖြင့် ဒေါ်ရှုရှုယဉ်မှ အဂတိလိုက်စားမှု ကျူးလွန်ရန် အားပေးကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ဦးအောင်နိုင်၊ ဦးလင်းထင်နှင့် ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဒေါ်ရှုရှုယဉ် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရလည်းကောင်း၊ ဦးစိုးမိုးအောင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇/၆၃ အရလည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မရဲစခန်းနှင့် မိုင်းကိုင်းရဲစခန်းတို့တွင် ၂၀-၈-၂၀၂၀ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဆက်စပ် သတင်းများ