ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထွဋ်အောင်၊ လက်ထောက်ဦးစီးမှူး ဦးနွယ်မင်းသန်းနှင့် မြေတိုင်း(၄) ဦးသန်းဇော်မင်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Mon, 25 May 2020

        ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ကော်သဇင်ကျေးရွာရှိ တောင်သူများသည် လယ်ယာမြေ ပုံစံ(၇) ရရှိရေး တိုင်းတာဖော်ထုတ်မှုအတွက် (၁)ဧကလျှင် ငွေကျပ် ၁၀၀၀၀/-နှုန်း တောင်းခံ၍ ပေးခဲ့ရခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

        တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထွဋ်အောင် (ယခု မြို့နယ်ဦးစီးမှူး၊ နမ့်စန်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ရှမ်းပြည်နယ်-တောင်ပိုင်း)၊ လက်ထောက် ဦးစီးမှူး ဦးနွယ်မင်းသန်းနှင့် မြေတိုင်း(၄) ဦးသန်းဇော်မင်း တို့သည် ပဒဲကောကျေးရွာအုပ်စု၊ ကော်သဇင်ကျေးရွာ ကွင်းအမှတ်(၃၄) (ဧကတစ်ထောင်ကွင်း)ရှိ လယ်(၉၈၇.၇၁)ဧက အတွက် ပုံစံ(၇)များ ပြုလုပ်ပေးရာတွင် လယ်တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀/-နှုန်း ပေးသွင်း ရန် ပြောဆို၍ တောင်သူလယ်သမားများထံမှ ကောက်ခံရရှိသည့် ငွေကျပ် ၉,၂၀၀,၀၀၀/- တိတိအား လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့(၃)ဦး အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့မရဲစခန်းတွင် ၂၂-၅-၂၀၂၀ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

 

ဆက်စပ် သတင်းများ