ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Sat, 24 August 2019

နေပြည်တော် ဩဂုတ်လ(၂၃)ရက်

မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် မိုးညိုမြို့နယ်အတွင်းရှိ အင်းသားကြီး (၉)ဦးအား နောက်ထပ်အင်းသက်တမ်း(၃)နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမည်ဟု ပြောကြား၍ ငွေကြေးများတောင်းယူပြီး ကိုယ်ကျိုး အလွဲသုံးခြင်းအား စစ်ဆေးအရေးယူပေးပါရန် ဤကော်မရှင်သို့တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို စီမံခန့်ခွဲရေးတာဝန်ဖြစ်သော အင်းလေလံပစ်ရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကြေးတိုင်အင်း သက်တမ်းတိုးလျှောက်ထားသည့် အင်းများနှင့်ပတ်သက်၍ အင်းသားကြီးများထံမှ ငွေကျပ် (၃၅)သိန်းနှင့် ငွေကျပ် (၃၂)သိန်းတို့ကို (၂)ကြိမ်တောင်းခံ ရယူခဲ့ခြင်းဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့မရဲစခန်းတွင် ၂၃-၈-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ