မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Wed, 10 July 2019

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျေးရွာပိုင် ကွင်းအမှတ်(၁၉)(ခ)ကွင်း သောင်နုမြေများကို လယ်သမား(၇)ဦးအား စုစုပေါင်း ငွေကျပ် ၄၄၀၀၀၀ဝိ/- ဖြင့် ရောင်းချခဲ့ခြင်း၊ ၂၀၁၈ ခုနှစ် မိုးရာသီတွင် ပျက်စီးဆုံးရှုံးခဲ့သော လယ်မြေ ၁၇၂၆ ဧကအတွက် နိုင်ငံတော်မှ တစ်ဧကလျှင် ငွေကျပ် ၈၅၀ဝိ/-နှုန်းဖြင့် ထောက်ပံ့ ကူညီငွေများမှ တစ်ဧကလျှင် ၁၀၀ဝိ/-နှုန်းဖြင့် လယ်သမား (၁၃)ဦးထံမှ စုစုပေါင်း ငွေကျပ် ၁၄၅၀၀ဝိ/- တောင်းခံခဲ့ခြင်းတို့အား စစ်ဆေးအရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သည် ကျေးရွာပိုင် သောင်နုမြေအတွင်း မြေပိုများ အား လယ်မြေရရှိခြင်းမရှိသော ရွာသားများထံ ရောင်းချခဲ့ရာတွင် ရွာသား(၄)ဦးထံမှ စုစုပေါင်း ငွေကျပ် ၂၉၅၀၀၀ဝိ/-ရယူ၍ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း၊ လုပ်ကိုင်လျက်ရှိသော လယ်မြေကို ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ငွေကျပ် ၄၀၀၀၀ဝိ/- ကို တောင်းခံရယူ ခဲ့ခြင်း၊ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) လျှောက်ထားရန် ပုံစံ(၁) ရရှိရေးနှင့် လယ်မြေ အရောင်းအဝယ်စာချုပ်အသစ် ချုပ်ဆိုရန်အတွက် ငွေကျပ် ၆၇၀၀၀ဝိ/-ကို တောင်းခံရယူခဲ့ခြင်း၊ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) လျှောက်ထားရန် အတွက် ငွေကျပ် ၅၅၀၀၀ဝိ/-ကို တောင်းခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်စွန်း ရဲစခန်းတွင် ၁၀-၇-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ