ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Fri, 21 June 2019

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခလောက်ချိုက် ကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၅၂)၊ ခလောက်ချိုက်ကွင်း၊ ဦးပိုင်(၈/က)ဧရိယာ ၂၀.၈၂ ဧကကို မြေပိုင်ဆိုင်မှု အငြင်းပွားခဲ့ခြင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဖွဲ့စည်းသည့် စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးအဖွဲ့၏ ရေးသားချက်များ အမှန်ဖြစ်စေရေးအတွက် ငွေကျပ် သိန်း(၁၂၀) ပေးခဲ့ရခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခဲ့ခြင်း မရှိသည့်အပြင် အသက်အန္တရာယ်ရှိကြောင်း ခြိမ်းခြောက် ပြောဆိုခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခလောက်ချိုက် ကျေးရွာ အုပ်စု၊ ကွင်းအမှတ်(၁၅၂)၊ ဦးပိုင်အမှတ် (၈/က)ရှိ လယ်မြေ ဧရိယာ(၂၀.၈၂)ဧက မြေယာပိုင်ဆိုင်မှု အငြင်းပွားသည့်ကိစ္စတွင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းသည် နစ်နာသူထံမှ ၁၅-၅-၂၀၁၈ ရက်နေ့၌ တိုင်ကြားစာရေးသားပေးရန် အတွက် ငွေကျပ် (၅)သိန်းနှင့် တင်ပြလိုသည့် သက်သေထွက်ဆိုချက်များကို စစ်ဆေးရေးအစီရင်ခံစာတွင် ထပ်မံထည့်သွင်းပေးရန်အတွက် ၂၅-၆-၂၀၁၈ ရက်နေ့တွင် ငွေကျပ် သိန်း(၁၂၀) တို့ကို တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး (ပ/၅၃၈၃) ဦးမိုးခိုင်ထွန်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့မရဲစခန်းတွင် ၂၁-၆-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ဆက်စပ် သတင်းများ