တောင်ငူခရိုင် ဥပဒေအရာရှိ ဦးမောင်မောင်အေးနှင့် ဆွာနယ်မြေ ရဲစခန်းမှူး ရဲအုပ်နေလင်းအောင်တို့ အပေါ်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Mon, 27 May 2019

နေပြည်တော် မေလ( ၂၇ )ရက်


ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ အေးသာယာရွာနေ မောင်ပိုင်(ခ)ရဲထက်ပိုင်နှင့် မတိုးတိုးဝေတို့ ချစ်ကြိုက်ကြပြီး ခိုးရာလိုက်ခဲ့ရာ ရပ်ရွာဓလေ့အရ လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ခြင်းအား မတိုးတိုးဝေ၏ ဖခင်က မကျေနပ်၍ ဆွာမြို့ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ရာတွင် မောင်ပိုင် (ခ) ရဲထက်ပိုင်၏ အဖိုး ပါ (၂)ဦးအား အချုပ်ထဲထည့်ကာ ငွေကျပ်သိန်း (၃၀)ပေးလျှင် လွှတ်ပေးမည်ဟု ပြောဆို၍ ပေးခဲ့ရခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

 

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ဆွာနယ်မြေရဲစခန်းတွင် ၂၅-၃-၂၀၁၈ ရက်နေ့၌ မောင်ပိုင်(ခ)ရဲထက်ပိုင်နှင့် ၎င်း၏အဖိုး ပါ (၃)ဦးတို့အား (ပ)အမှတ် ၄၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃/၁၁၄ ဖြင့် ဖွင့်လှစ်ခဲ့သော အမှုနှင့်ပတ်သက်၍ တောင်ငူခရိုင် ဥပဒေအရာရှိ ဦးမောင်မောင်အေးသည် တရားခံတစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှုန်းဖြင့် (၃)ဦးအတွက် ငွေကျပ် သိန်း(၃၀) ပေးရန် ပြောကြားခဲ့သဖြင့် ရှေ့နေမှတစ်ဆင့် ငွေကျပ် သိန်း(၃၀)ကို တောင်းခံရယူခဲ့ပြီး တရားခံ(၃)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၉ နှင့်အညီ လွှတ်ရန်နှင့် မောင်ပိုင်(ခ) ရဲထက်ပိုင် တစ်ဦးတည်းကိုသာ တရားစွဲဆိုရန် ဥပဒေ ထင်မြင်ချက်ပေးခဲ့ခြင်း၊ ဆွာနယ်မြေ ရဲစခန်းမှူး ရဲအုပ်နေလင်းအောင်သည် ရဲစခန်းပိုင်း အနေဖြင့် အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုကာ တရားခံ၏ သမီးကပေးအပ်သည့် ငွေကျပ်(၃)သိန်းကို အထက်တန်းရှေ့နေမှတစ်ဆင့် တောင်းခံရယူခဲ့ခြင်း၊ အထက်တန်းရှေ့နေက စီစဉ်ပေးသည့် မိုးကောင်းကင် ဘီယာဆိုင်၊ ရွှေပြည်သူ KTV, ROYAL ROSE KTV, အမေ့သား KTV, EVERY JOY KTV များသို့ သွားရောက်၍ ဧည့်ခံပြုစုသည့် ဝန်ဆောင်မှုများကို ရယူခဲ့ခြင်း၊ တံစိုးလက်ဆောင်ရယူခဲ့ခြင်း တို့ဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တောင်ငူခရိုင်ဥပဒေအရာရှိ ဦးမောင်မောင်အေးနှင့် ဆွာနယ်မြေရဲစခန်းမှူး ရဲအုပ်နေလင်းအောင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မရဲ စခန်းနှင့် ရေတာရှည်မြို့မရဲစခန်းတို့တွင် ၂၇-၅-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြား ချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ