ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေး အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Mon, 18 February 2019

နေပြည်တော် ဖေဖော်ဝါရီလ(     ၁၈    )ရက်

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးများတွင် တာဝန်ထမ်းဆောင်ရန် စာရေးရာထူး လျှောက်ထားရာ၌ သာယာဝတီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေးသည် ငွေကျပ် (၁၀)သိန်း ရယူခဲ့ပြီး ဝန်ထမ်းခန့်ထားပေးခြင်း မရှိသည့်အတွက် အရေးယူပေးပါရန် နစ်နာသူက ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

        တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေးသည် သာယာဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် လစ်လပ်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးရာထူး ရွေးချယ်ခန့်ထားရေးအတွက် တိုင်ကြားသူထံမှ ငွေကျပ်(၁၀)သိန်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်းရှိ ၎င်း၏နေအိမ်ဧည့်ခန်းတွင် လက်ခံရယူ ခဲ့ခြင်းဖြင့် ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေး အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် သာယာဝတီမြို့မရဲစခန်းတွင် ၁၈-၂-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ