အကောက်ခွန်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း ၁၂ ဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ကော်မရှင်က အမှုဖွင့်အရေးယူ

  • Mon, 16 July 2018

Delivery Van မော်တော်ယာဉ်များအား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ဆိပ်ကမ်း ပြင်ပသို့ ထုတ်ယူခွင့်ရရှိရန်အတွက် အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်များမှတစ်ဆင့် ငွေပေးရခြင်း၊ မော်တော် ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီ၏ မူဝါဒသတ်မှတ်ချက်နှင့်မကိုက် ညီဘဲ တင်သွင်းလာသောယာဉ်များ ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရန် ငွေပေးရခြင်း၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်းမှပစ္စည်းများ ထုတ်ယူရာတွင် အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်များမှတစ်ဆင့် ငွေကြေးပေး၍ ထုတ်ယူ နေရသည့် အစဉ်အလာဖြစ်နေခြင်းတို့အား စုံစမ်းဖော်ထုတ်ပေးပါရန် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တိုင်ကြားစာအရ ပထမအကြိမ်တင်သွင်းသော Delivery Van ၃ စီးကို ဆိပ်ကမ်းမှထုတ်ယူရာတွင် အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိက ငွေ ကျပ် ၂၄ သိန်း၊ Model Year စိစစ်အတည်ပြုသူ ဦးစီးအရာရှိက ငွေကျပ် ၁၅ သိန်း၊ ဒုတိယအကြိမ်တင်သွင်းသော Delivery Van ၂ စီးကို ဆိပ်ကမ်းမှထုတ်ယူရာတွင် စစ်ဆေးရေးအရာ ရှိက ငွေ ကျပ် ၂၄ သိန်း၊ ယာဉ်စစ်ဆေးချက် အမှုတွဲများကို စိစစ်လက်မှတ်ရေးထိုးသူ ဦးစီးအရာရှိက ငွေကျပ် ၈ သိန်း၊ စစ်ဆေးရေးအရာရှိ၏ စစ်ဆေးတွေ့ရှိချက်များကို စိစစ်အတည်ပြုသူ အကောက်ခွန်မှူးက ငွေကျပ် ၄ သိန်း၊ ဒုတိယအကြိမ်တင်သွင်းသော Delivery Van ၂ စီးကို လေလံပယ်ဖျက် ဘုတ်အဖွဲ့ဖြင့် စစ်ဆေးခံပြီး ဆိပ်ကမ်းမှထုတ်ယူနိုင်ရေးအတွက် ကာကွယ်ရေးဌာနခွဲမှ လက်ထောက်အကောက်ခွန်မှူးနှင့် ဒုလက်ထောက် အကောက်ခွန်မှူးတို့က ငွေကျပ် ၁၂ သိန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်သည့် ဦးစီးအရာရှိ ဒေါ်နန်းသဥ္ဇာ၊ ဦးစီး အရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုတိယ အကောက်ခွန်မှူး ဦးနေမင်းထက်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဒုလက်ထောက်အ ကောက်ခွန်မှူး ဦးသိန်းဝင်း-၇ တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း၊ Delivery Van များ၏ ကွဲလွဲချက်များအပေါ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ခြင်း၊ Delivery Van များဆိပ်ကမ်းမှ ထုတ်ယူရာတွင် ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်ဝန်ထမ်းများ၏ ငွေကြေးများ လက်ခံရယူခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ ယင်းမော်တော်ယာဉ်များ ထုတ်ယူနိုင်ရန် ခွင့်ပြုခဲ့ခြင်းတို့မှာ လက်အောက်ဝန်ထမ်းများ က အဂတိလိုက်စားမှု ဖြစ်စဉ်များအပေါ် ပူးပေါင်းကြံစည် အားပေးကူညီခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း အရေးယူပေးပါရန် ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလဝါနယ်မြေရဲစခန်းတွင် ၁၆-၇-၂၀၁၈ ရက်နေ့က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျှက် ရှိပါသည်။

ဆက်စပ် သတင်းများ