ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မင်္ဂလာဒုံမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့

  • Mon, 16 July 2018

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် ရပ်ကွက်ပိုင်ပလပ်မြေများကို (၂၅ ပေ× ၅၀ ပေ) မြေကွက်များရိုက်ပြီး တရားမဝင်ရောင်းချကြောင်း၊ မြေကွက်ဖော်ရာတွင် ရပ်ကွက်နေပြည်သူများက ကန့်ကွက်ပြီး သက်ဆိုင်ရာသို့ တင်ပြမှုကြောင့် တားမြစ် ခံရကာ မြေကွက်ဝယ်ယူထားသူများထံမှ ရယူထားသည့် ငွေကြေးများကိုလည်း ပြန်မပေးဘဲ လိမ်လည် လှည့်ဖြားနေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားလာပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ထောက်ကြန့်တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ပလပ်မြေများကို ၎င်း၏သဘောဆန္ဒအလျောက် ဖော်ထုတ်ရောင်းချ ကြောင်း၊ ငွေကျပ်သိန်း ၃၀၀ ခန့်ယူဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကာ မြေကွက်များ အမြန်ရရှိရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးဝင်းမြင့်အပေါ် ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ အရေးယူပေးပါရန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရဲစခန်းသို့ ၁၂-၇-၂၀၁၈ ရက်နေ့က အမှုဖွင့်တိုင်တန်းခဲ့ရာ ရဲစခန်းက ပထမသတင်းပေး တိုင် တန်းချက်အမှတ် ၇၄၁/၂၀၁၈ ဖြင့် လက်ခံဖွင့်လှစ်ပေးခဲ့သဖြင့် သက်ဆိုင်ရာတရားရုံးသို့ တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျှက် ရှိပါသည်။ (သတင်းဖော်ပြပြီး)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ၁၆-၇-၂၀၁၈ ရက်နေ့တွင် မင်္ဂလာဒုံ မြို့နယ်တရားရုံးသို့ ကော်မရှင်မှ တရားစွဲတင်ပို့ရာ တရားရုံးက ရာဇဝတ်ကြီးမှုအမှတ် ၈၀၅/၂၀၁၈ ဖြင့် လက်ခံခဲ့ပြီး တရားလိုအမှုစစ်အား စစ်ဆေးရန် ၃၀-၇-၂၀၁၈ ရက်နေ့သို့ ချိန်းဆိုထားပါသည်။

ဆက်စပ် သတင်းများ