တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေး(စဉ်-၁၁၀၉၀)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူ

  • Tue, 14 August 2018

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးသည် အမှုသည်ထံမှ ငွေကြေး/ပစ္စည်းလက်ဆောင်များ တောင်းယူပြီး အမှု ပြီးဆုံးအောင် ဆောင်ရွက်မပေးသည့်ကိစ္စအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

 

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်၊ ဆရာစံလမ်းသွယ်(၈)နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေး (စဉ်-၁၁၀၉၀)သည် လက်ပံတန်းမြို့နယ်တရားရုံး၏ ဇာရီမှုအမှတ် ၂၀/၂၀၁၆၊ ၂၁/၂၀၁၆ အမှုများနှင့်စပ်လျဉ်း၍ အမှုသည်ကိုယ်စား တရားရုံး၌ အမှုလိုက်ပါ ဆောင်ရွက်သည့်တာဝန်ကို ဆောင်ရွက်ရာတွင် အမှုအောင်မြင်စေရေး အတွက် အကြောင်းပြကာ အမှုသည်ထံမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၆-၆-၂၀၁၈ ရက်နေ့အတွင်း ငွေကျပ် ၁၂၉ဝဝဝဝိ/- (ကျပ် တစ်ဆယ့် နှစ်သိန်း ကိုးသောင်း တိတိ) နှင့်လက်ဆောင်ပစ္စည်းများ တောင်းခံ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်အေး(စဉ်-၁၁၀၉၀) အပေါ် ၂၀၁၃ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ အရ အရေးယူဆောင်ရွက်ရန် ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မြို့မရဲစခန်းတွင် ၁၄-၈-၂၀၁၈ ရက်နေ့၌ ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ