ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

  • Thu, 23 August 2018

ရွှေကျင်မြို့နယ်တွင် ရွှေကျင်လူငယ်အဖွဲ့က တရားမဝင် ဘီယာဖာများ တင်ဆောင်လာသည့် မော်တော်ယာဉ်အား မြို့အဝင်တံတားအနီး၌ သဲကျွံလျက်ရှိသည်ကို တွေ့ရှိရာမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူပါဝင်သည့်အဖွဲ့ဖြင့် ဖမ်းဆီးခဲ့သည့်ကိစ္စတွင် ဦးစိုးမိုးသူသည် လာဘ်ငွေ ကျပ် (၂၅)သိန်း တောင်းခံရယူပြီး Facebook တွင် ဖော်ပြပါရှိ၍ ပြန်လည်ပေးအပ်ခဲ့ခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ၎င်း၏ လက်အောက်ဝန်ထမ်း ဦးစိုးမိုးသူက ဥပဒေချိုးဖောက်၍ ငွေကြေး တောင်းခံပြီး ပြန်လည် ပေးအပ်ခဲ့သည်ကို အရေးမယူဘဲ မျက်ကွယ်ပြုခဲ့ခြင်းတို့အား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမိုးသူသည် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ် ၁၈-၂-၂၀၁၈ ရက်နေ့တွင် ရွှေကျင်မြို့၊ ရွှေကျင်ချောင်းကူး တံတားအနီး၌ တရားမဝင် ဘီယာများ တင်ဆောင် လာသည့် ယာဉ်အမှတ် ၇ခ/၄၈၆၅ အား ၎င်းမှ ဦးဆောင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရွှေကျင်လူငယ်အဖွဲ့နှင့် သတင်း မီဒီယာများ ပါဝင်သောအဖွဲ့ဖြင့် ဖမ်းဆီး ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူသည် ၁၈-၂-၂၀၁၈ရက်နေ့တွင် ၎င်း၏နေအိမ်၌ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား ပြုကာ ဘီယာတင် မော်တော်ယာဉ်ကိစ္စ ပြေလည်အောင်လုပ်ပေးမည် ပြောပြီး ဘီယာပစ္စည်း ပိုင်ရှင်နှင့်ကိုယ်စားလှယ်တို့ထံမှ ၎င်းအတွက် ငွေကျပ် (၂၅) သိန်းနှင့် ဘီယာများ ဖမ်းဆီးရာတွင် ပါဝင်သည့် ရွှေကျင်လူငယ် အဖွဲ့အတွက် ငွေကျပ် (၁၀)သိန်းကို တောင်းခံရယူခဲ့ကြောင်း၊ ယင်းနောက် ရွှေကျင်လူငယ်အဖွဲ့အတွက် တောင်းခံရယူထားသော ငွေကျပ်(၁၀)သိန်းကိုသာ ပြန်လည် ပေးအပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ဦးစိုးမိုးသူအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့မရဲစခန်းတွင် ၂၃-၈-၂၀၁၈ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ