ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ် ဦးစီးဌာနမှူး ဒုတိယဦးစီးမှူး တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Tue, 5 February 2019

နေပြည်တော် ဖေဖော်ဝါရီလ(    ၅     )ရက်

        ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နေ နစ်နာသူက ၂၀၁၇-၂၀၁၈ ခုနှစ်တွင်း မင်းလှမြို့၌ တိုက်အိမ်ဆောက်လုပ်မှုနှင့်ပတ်သက်၍ ပြည်တွင်းအခွန် ဦးစီးဌာန သို့ အခွန်စည်းကြပ်ငွေ အချိန်မီ ပေးသွင်းခဲ့သော်လည်း ပေးသွင်းရန်ငွေထက် ပိုမိုတောင်းခံခြင်းနှင့် အိမ်ငှားရမ်းရာတွင်လည်း အိမ်ငှားရငွေအပေါ် အခွန်ဟု ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံ နေခြင်းတို့ ပြုလုပ်နေသည့် အခွန်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့အား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ ပါသည်။

        တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်တွင်း အခွန်များဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးတာဝန် ဒုတိယဦးစီးမှူး ဦးခင်မောင်သန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင် တို့သည် မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ တောင်ဘက် မြို့သစ်(၂)လမ်း နေအိမ်နှင့်ပတ်သက်၍ အိမ်ပိုင်ရှင်ထံမှ လူကြီးများကို ဂါရဝပြုရန်နှင့် ခရီးစရိတ်အဖြစ် ငွေကျပ် (၁၀)သိန်းကိုလည်းကောင်း၊  မင်းလှမြို့နယ် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ (၅)ဖွဲ့သို့ သွားရောက် လက်မှတ် ရေးထိုးခအဖြစ် ငွေကျပ် ၂၃၀၀၀ဝိ/- (ကျပ်နှစ်သိန်း သုံးသောင်းတိတိ)ကိုလည်းကောင်း၊ တောင်ဘက် မြို့သစ် (၁၃)လမ်း နေအိမ်နှင့်စပ်လျဉ်း၍ စည်းကြပ်ဝင်ငွေခွန်အဖြစ် ငွေကျပ် (၁၇)သိန်း တောင်းခံရယူခဲ့သော်လည်း မြန်မာ့စီးပွားရေးဘဏ်ပြေစာအရ စည်းကြပ် ဝင်ငွေခွန် စုစုပေါင်း ပေးသွင်းငွေမှာ ၁၂၃၈၈၀ဝိ/- (ကျပ် တစ်ဆယ့်နှစ်သိန်း သုံးသောင်းရှစ်ထောင့် ရှစ်ရာ တိတိ) ဖြစ်သဖြင့် ကျန်သည့် ပိုငွေ ၄၆၁၂၀ဝိ/- (ကျပ် လေးသိန်းခြောက်သောင်း တစ်ထောင့်နှစ်ရာတိတိ) ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်းသည် ၎င်းတို့၏ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ပဲခူးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဒုတိယဦးစီးမှူး ဦးခင်မောင်သန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူ ဆောင်ရွက်ရန် မင်းလှမြို့မရဲစခန်းတွင် ၅-၂-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ