ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းနှင့် မြေတိုင်း-၄ ဦးဇော်အေးလတ် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

  • Tue, 29 January 2019

နေပြည်တော် ဇန်နဝါရီလ(   ၂၉    )ရက်

        ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပက်တန်းကျေးရွာတွင် ဒေသခံ လယ်သမားများ နှစ်(၃၀)ကျော် လယ်လုပ်ငန်း လုပ်ကိုင်အသက်မွေးခဲ့ကြသည့် မပယ်ဖျက် ရသေးသော စားကျက်မြေ မြေဧက(၁၄၀)ခန့်အတွင်း လယ်သမားအိမ်ထောင်စု (၃၁)စု ထံမှ မြေဂရန်ချပေးမည်၊ ပုံစံ(၇) ထုတ်ပေးမည်ဟုဆိုကာ ငွေတောင်းခံသွားသော မြို့နယ် မြေစာရင်းဝန်ထမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

        တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းနှင့် မြေတိုင်း-၄ ဦးဇော်အေးလတ်တို့သည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မြေစာရင်းပုံစံ (၁၀၅) နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ စားကျက်မြေ အတွင်း၌ နေထိုင်သည့် တောင်သူများထံမှ (၁)ဧကလျှင် ငွေကျပ် ၅ဝဝဝဝိ/-နှုန်းဖြင့် တစ်ဝက်ကြေးဖြစ်သည့် ငွေကျပ် ၂၅ဝဝဝိ/-နှုန်းကို ကောက်ခံပေးရန် ရပ်မိရပ်ဖ အကူအညီ တောင်းခံ၍ကောက်ခံရရှိသည့်  ငွေကျပ် ၁၅၅ဝဝဝဝိ/- (ကျပ်တစ်ဆယ့်ငါးသိန်းငါးသောင်းတိတိ) မှ လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းသည် ငွေကျပ်(၈)သိန်းနှင့် မြေတိုင်း-၄ ဦးဇော်အေးလတ်သည် ငွေကျပ်(၃)သိန်းတို့အား မှော်ဘီမြို့ ဆိုင်ကယ်ဂိတ်အနီး Star စားသောက်ဆိုင်၌ လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မှော်ဘီမြို့မရဲစခန်းတွင်  ၂၈-၁-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

ဆက်စပ် သတင်းများ