ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ၊ လက်ထောက်ဦးစီးမှူး မြေတိုင်း-၄ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Wed, 9 January 2019

    ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စု၊ ကမ်းသာယာကျေးရွာရှိ ကွင်း အမှတ်(၂၈၆)၊ သာခွေးချိုင်ကွင်း ဦးပိုင်အမှတ်(N-3)၊ လုပ်ပိုင်ခွင့်ဧရိယာ (၁.၈၀)ဧက အား တိုင်းတာရောင်းချရာတွင် (၂.၄၃)ဧကအထိ တိုင်းတာပေးပြီး ပိုလျှံသော (၀.၆၃)ဧကအတွက် ကြားပွဲစားမှတစ်ဆင့် ဂွမြို့နယ် မြေစာရင်းဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် မြေတိုင်း(၄) ဦးကျော်နိုင်ထွန်းတို့အား ငွေကျပ် သိန်း၆၃၀ ပေးခဲ့ရခြင်းအပေါ် အရေးယူပေးပါရန် တိုင်ကြားစာနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်း ပေးပို့ခဲ့ပါသည်။

        တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် မြေတိုင်း(၄) ဦးကျော်နိုင်ထွန်းတို့သည် ဂွမြို့နယ်၊ ကင်းပုံ ကျေးရွာအုပ်စု၊ ကမ်းသာယာကျေးရွာရှိ ကွင်းအမှတ်(၂၈၆)၊ သာခွေးချိုင်ကွင်း ဦးပိုင် အမှတ်(N-3)၊ ဧရိယာ (၂.၄၃)ဧကနှင့်ပတ်သက်၍ မြေစာရင်းပုံစံ(၁၀၅)နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)တို့အား ၂၀၁၈ ခုနှစ်အတွင်း အသစ် ထပ်မံထုတ်ပေးရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အပြင် မြေစာရင်း ပုံစံ(၁၀၅)၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) တို့အား အသစ်ထုတ်ပေးရန် အတွက် မြေကွက်ပိုင်ရှင်များထံမှ စုစုပေါင်းငွေကျပ် ၆၃၀ သိန်းကို သုံးကြိမ်ခွဲ၍ ၎င်းတို့၏ ရာထူးတာဝန်အရ ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ တောင်းခံရယူပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း၊ မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းသည် အချင်းဖြစ်မြေ (၂.၄၃)ဧကနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိဘဲ မြေစာရင်း ပုံစံ(၁၀၅)နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) တို့အား အသစ်ထပ်မံထုတ်ပေး၍ ငွေကြေးများ လက်ခံရယူခဲ့သည့်ဖြစ်စဉ်တွင် မြို့နယ်ရုံး၌ မှတ်တမ်းထားရှိသော ပုံစံ(၇)ပေါ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး အနေဖြင့် လက်မှတ်ရေးထိုးပေးခဲ့ခြင်းသည် ဦးမင်းမင်းဇော်နှင့် ၎င်း၏ လက်အောက် ဝန်ထမ်းများ အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင် နှင့် မြေတိုင်း-၄ ဦးကျော်နိုင်ထွန်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းအပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရခိုင်ပြည်နယ်၊ ဂွမြို့မ ရဲစခန်းတွင် ၈-၁-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ဆက်စပ် သတင်းများ