ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တရားစွဲအရေးယူ

  • Mon, 30 April 2018

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်းများနှင့်ပတ်သက်၍  ဆေးရုံကြီးများ အရည်အသွေးပြည့်မီမှုမရှိခြင်း၊ FDA ရုံးများ၊ ဆေးရုံများ ဆောက်လုပ်ရာ၌ ဌာနအကြီးအကဲအချို့၏ ပြည်သူ့ဘဏ္ဍာများအပေါ် ကိုယ်ကျိုးပြုသုံးစွဲထားမှုများအား ဖော်ထုတ်စစ်ဆေးပေးနိုင်ပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ၂၀၁၇ ခုနှစ် အတွင်း ၎င်းပိုင်ဆိုင်သည့်မြေကွက်ပေါ်ရှိ နေအိမ်အတွက်လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အတွင်း အသုံးအဆောင် ပစ္စည်းများအားလည်းကောင်း၊ ၎င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက်နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန်တစ်ခုနှင့် ရေပန်းတစ်ခုတို့အားလည်းကောင်း၊ စုစုပေါင်း တန်ဘိုးငွေကျပ် ၁၅၁,၄၃၉,၇၈၆/- ( ကျပ်သိန်းပေါင်း တစ်ထောင့်ငါးရာ တစ်ဆယ့်လေးသိန်းသုံးသောင်း ကိုးထောင်ခုနှစ်ရာ ရှစ်ဆယ့်ခြောက်တိတိ)ကို  အဆောက်အဦးများ ဆောက်လုပ်ရန် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီထံမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းတွင် ၂၀-၄-၂၀၁၈ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။(သတင်းဖော်ပြပြီး)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အပေါ် ၂၀၁၃ခုနှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော်သို့ ၂၇-၄-၂၀၁၈ ရက်နေ့၌ တရားစွဲဆို တင်ပို့ခဲ့ပါသည်။

ဆက်စပ် သတင်းများ