ဦးသိန်းထွန်း၊ ကျိုက်ထိုမြို့နယ်တရားသူကြီး (ယခင် သံတွဲမြို့နယ် တရားသူကြီး) နှင့် အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်း(သံတွဲမြို့)တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူခြင်း

  • Wed, 4 April 2018

    ရခိုင်ပြည်နယ်၊ သံတွဲမြို့နေ နစ်နာသူက သံတွဲမြို့နယ် တရားရုံး၏ ရာဇဝတ်ကြီးမှု အမှတ် ၁၃၅/၂၀၁၆ အမှုတွင် ကျိုက်ထိုမြို့နယ်တရားသူကြီး (ယခင်သံတွဲမြို့နယ်တရားသူကြီး) ဦးဦးသိန်းထွန်း သည် နစ်နာသူထံမှ လာဘ်ငွေကျပ် ၆,၂၁၇,၀၀ဝိ/- (ကျပ်ခြောက်ဆယ့်နှစ်သိန်းတစ်သောင်းခုနစ်ထောင်)ကို အလီလီရယူခဲ့ခြင်း၊ တရားခံဘက်မှ ငွေကျပ်သိန်း(၁၀၀)ရယူပြီး အမှုအနိုင်ပေးခြင်း၊ သက်သေထွက်ဆိုချက်များအား ပြင်ဆင်ဖြည့်စွက်ခြင်းတို့ ပြုလုပ်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

    တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်း(တ-၂၆၀၈) သည် သံတွဲမြို့နယ်တွင် တာဝန်ထမ်းဆောင်စဉ် ရာဇဝတ်ကြီးမှုအမှတ် ၁၃၅/၂၀၁၆ အမှု၏ တရားလိုထံမှ ငွေကျပ် ၆,၂၁၇,၀၀ဝိ/-(ကျပ် ခြောက်ဆယ့်နှစ်သိန်းတစ်သောင်းခုနစ်ထောင်) ကို တောင်းခံရယူခဲ့သည့် အတွက် မြို့နယ်တရားသူကြီးတစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့် အာဏာရှိသူက ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

    ယင်းသို့ပေါ်ပေါက်သဖြင့် ဦးဦးသိန်းထွန်းအပေါ်  ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရလည်းကောင်း၊ အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်း(စဉ်-၃၅၇၀၂)သည် ရာဇဝတ်ကြီးမှုအမှတ် ၁၃၅/ ၂၀၁၆ အမှု၏ တရားလိုက မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်းအား စုစုပေါင်း ငွေကျပ် ၆,၂၁၇,၀၀ဝိ/-(ကျပ် ခြောက်ဆယ့်နှစ်သိန်းတစ်သောင်းခုနစ်ထောင်) ပေးခဲ့သည့်အနက် ငွေကျပ် ၄,၇၅၅,၀၀ဝိ/- (ကျပ်လေးဆယ့်ခုနစ်သိန်းငါးသောင်းငါးထောင်) ကို တရားလိုထံမှ တောင်းယူပြီး မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်းထံသို့ ပေးခဲ့ခြင်းဖြင့် အားပေးကူညီခဲ့ကြောင်း ပေါ်ပေါက်သည့်အတွက် ဒေါ်ခင်ချိုဝင်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း၊ သံတွဲမြို့ မြို့မရဲစခန်း တွင် ၁-၄-၂၀၁၈ ရက်နေ့၌ အမှုဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ဆက်စပ် သတင်းများ