ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ပဲခူးတိုင်းဒေသကြီး တရားရေးဦးစီးမှူးရုံး ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့(တ-၂၈၀၈)၊မင်းလှမြို့နယ် ဥပဒေအရာရှိ ဒေါ်ယမင်းသန့်(ဥ-၂၉၀၆)နှင့် အထက်တန်းရှေ့နေ ဒေါ်စုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူဆောင်ရွက်ခြင်း

  • Wed, 17 January 2018

နေပြည်တော် ဇန်နဝါရီလ(   ၁၇    )

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပလူဇဝကျေးရွာနေ နစ်နာသူက ဘုတလင် မြို့နယ် တရားရုံးတွင် ရာဇဝတ်ကြီးမှုအမှတ် ၂၂၇/၂၀၁၆ သစ်တောဥပဒေ ပုဒ်မ ၄၁(က) ဖြင့် အရေးယူ ခံခဲ့ရသည့် အမှုနှင့်ပတ်သက်၍ တိုင်ကြားသူ၏ မော်တော်ယာဉ် ပြန်လည် ရရှိရေးအတွက် ဘုတလင်မြို့နယ် တရားသူကြီး ဒေါ်အေးအေးနွဲ့အား ငွေကျပ် (၄၅)သိန်းနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ယမင်းသန့်အား ငွေကျပ်(၁၂)သိန်း၊ စုစုပေါင်း ငွေကျပ်(၅၇)သိန်း ပေးခဲ့ရခြင်းအပေါ် ဥပဒေနှင့်အညီ အရေးယူပေးပါရန် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပါ သည်။

          တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် တရားရုံး ရာဇဝတ်ကြီးမှု အမှတ် ၂၂၇/၂၀၁၆ သစ်တောဥပဒေ ပုဒ်မ ၄၁(က)အရ စွဲဆိုသော အမှုတွင် သက်သေခံ ဟီးနိုးရိန်းဂျား ခြောက်ဘီး ယာဉ်အမှတ် ဈ/၂၀၅၆ ယာဉ်အား ပြည်သူ့ဘဏ္ဍာမသိမ်းဘဲ ပိုင်ရှင်ထံ ပြန်ပေးစေရေးအတွက် ယင်းအမှု တရားခံထံမှ ဘုတလင်မြို့နယ် တရားသူကြီး ဒေါ်အေးအေးနွဲ့နှင့် ဘုတလင်မြို့နယ် ဥပဒေအရာရှိ ဒေါ်ယမင်းသန့် တို့သည် အထက်တန်းရှေ့နေ ဒေါ်စုကြည် မှတစ်ဆင့် ငွေကျပ် ၄၅ သိန်းနှင့် ငွေကျပ် ၁၂ သိန်းကို အသီးသီး ရယူခဲ့ခြင်းသည် မိမိဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်ကို အသုံးပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း၊ မုံရွာမြို့နေ အထက်တန်းရှေ့နေ ဒေါ်စုကြည်သည် တရားခံများ၏ အကျိုးဆောင်ရှေ့နေ အဖြစ် ဆောင်ရွက်စဉ် တရားခံများထံမှ ငွေကြေးများ ရယူပြီး ဘုတလင်မြို့နယ်တရားသူကြီး နှင့် ဘုတလင်မြို့နယ်ဥပဒေအရာရှိတို့ လာဘ်ငွေရယူရာတွင် ကူညီ ဆောင်ရွက်ပေးသူ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

          ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ပဲခူးတိုင်းဒေသကြီးတရားရေးဦးစီးမှူး ရုံး၊ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့(တ-၂၈၀၈) (ယခင် ဘုတလင်မြို့နယ် တရားသူကြီး)၊ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဥပဒေအရာရှိ ဒေါ်ယမင်းသန့်(ဥ-၂၉၀၆) (ယခင် ဘုတလင်မြို့နယ် ဥပဒေအရာရှိ)နှင့် မုံရွာမြို့နေ အထက်တန်းရှေ့နေ ဒေါ်စုကြည် (စဉ်-၄၀၅၃၆)တို့အပေါ် ၂၀၁၃ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရတရားစွဲဆို အရေးယူရန် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ဘုတလင်မြို့နယ် တရားသူကြီး ဒေါ်အေးအေးနွဲ့ အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ လည်းကောင်း၊အထက်တန်းရှေ့နေ ဒေါ်စုကြည်အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ၆၃/ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရလည်း ကောင်း စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၁၆-၁-၂၀၁၈ ရက်နေ့၌ တရားစွဲဆို အရေးယူဆောင်ရွက်ထားရှိပါသည်။

          ထိုအပြင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဥပဒေအရာရှိ ဒေါ်ယမင်းသန့် (ဥ-၂၉၀၆) (ယခင် ဘုတလင်မြို့နယ် ဥပဒေအရာရှိ) အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇/ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ လည်းကောင်း၊ မုံရွာမြို့နေ အထက်တန်းရှေ့နေ ဒေါ်စုကြည်(စဉ်-၄၀၅၃၆)အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇/၆၃/ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၂ အရလည်းကောင်း ဘုတလင်မြို့နယ် တရားရုံးတွင် ၁၆-၁-၂၀၁၈ ရက်နေ့၌ တရားစွဲဆို အရေးယူ ဆောင်ရွက်ထားရှိပါသည်။

ဆက်စပ် သတင်းများ