မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်နှင့် ကျိုက်ထိုမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှူး ဦးမြင့်ဝေ(ယခု အငြိမ်းစား)တို့အပေါ် အရေးယူဆောင်ရွက်မှု

  • Tue, 1 August 2017

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ နစ်နာသူက ၎င်းပိုင်ဆိုင်သော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၇၅)၊ ကဒတ်ချောင်းအပြင်ကွင်း၊ ဦးပိုင်အမှတ် (N-18)၊ ဧရိယာ(၂.၃၀)ဧကအား စောင့်ရှောက်ရန် အတွက် စာရွက်စာတမ်းများဖြင့် တရားဝင် ပြန်လည်လွှဲအပ်ခြင်းခံရသူမှ ဆေးကုသမှု ခံယူနေစဉ်အတွင်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးကျော်သူရလှိုင်သည် မည်သူ့မှ အသိပေးအကြောင်းကြားခြင်းမပြုဘဲ ၎င်းမြေကွက်၏ ပုံစံ(၇)အား တရားမဝင် ထုတ်ယူခဲ့ပြီး ပုံစံ(၇)စာရွက်စာတမ်းများကို အကြောင်းပြု၍ မြေဝယ်ယူသူထံမှ ငွေကြေး ကျပ်သိန်းပေါင်း ၃၉၅၀ တိတိအား လက်ခံရယူခဲ့ခြင်းအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်သည် ၎င်းတာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း ကျေးရွာ ကွင်းအမှတ်(၁၇၆-က)၊ ဇရပ်ကွင်း၊ ဦးပိုင်အမှတ်(N-363)၊ ဧရိယာ (၂.၀၀) ဧကဟု မြေကွက်ကို ဝန်ခံချက်နှင့် တင်ပြချက်ပုံစံပါ လက်ရေးလက်မှတ်မတူ၊ အချက်အလက်များ ပြည့်စုံမှုမရှိဘဲ ၎င်း၏အမည်ဖြင့် ပုံစံ(၇) ထုတ်ယူပြီး ရောင်းချခဲ့ခြင်းသည် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၏ ရာထူးအာဏာနှင့် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်များကို အသုံးပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြောင်းနှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှူး၊ ကျိုက်ထိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အတွင်းရေးမှူးဖြစ်သူ ဦးမြင့်ဝေ (ယခု အငြိမ်းစား) သည် ၎င်း တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း ဦးကျော်သူရလှိုင်က ပုံစံ(၁)လျှောက်လွှာတွင် မမှန်မကန် ဖြည့်စွက်ဖော်ပြကာ ပုံစံ(၇) လျှောက်ထားတင်ပြမှုအပေါ် လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများပါ လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ စိစစ်ခြင်းမရှိဘဲ ဆက်လက်ထောက်ခံကာ ပုံစံ(၇)ကို  ကိုယ်တိုင်လက်မှတ်ရေးထိုး ထုတ်ပေးခဲ့ခြင်းသည် ၎င်း၏ အခွင့်အာဏာကို အသုံးပြုပြီး အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြောင်းစစ်ဆေး ပေါ်ပေါက်သဖြင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင် အား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ကျိုက်ထိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှူး ဦးမြင့်ဝေ(ယခု အငြိမ်းစား)သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ လည်းကောင်း မွန်ပြည်နယ် တရားလွှတ်တော်တွင် ဇူလိုင်လ (၃၁)ရက်နေ့က တရားစွဲဆို အရေးယူဆောင်ရွက်ခဲ့ပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင် ဦးကြေးမုံ(ကျေးရွာ ထွေ/အုပ်စာရေး)၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးကျော်ထိန်စိုးနှင့် လက်ထောက်ဦးစီးမှူး ဦးစိုးမြင့်အောင်၊ ကင်မွန်းချောင်းကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များဖြစ်သည့် ဦးသိန်းဝင်းနှင့် ဦးဇော်နိုင် တို့သည် ပုံစံ(၇) လျှောက်ထားမှုအပေါ် လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများပါ လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ စိစစ်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတို့အား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၀(ခ) အရ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ တို့သို့ အကြောင်းကြားထားပြီး ဖြစ်ပါသည်။

ဆက်စပ် သတင်းများ